အပြောင်းအလဲ မလိုလားတာကို ပြတာလို့ ဒေါ်အောင်ဆန်းစုကြည် ဝေဖန်
2015.06.25

မထိရောက်တဲ့ ပြင်ဆင်မှုတွေကိုတောင် မထောက်ခံကြတာဟာ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူး ဆိုတာ ပြသလိုက်တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲဆုံးဖြတ် အပြီး ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပုဒ်မ ၄ ခုကို လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ရာမှာ နိုင်ငံတော် သမ္မတ အရည်အချင်းသတ်မှတ်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ တို့ကို မပြင်ဆင်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က သတင်းမီဒီယာတွေကို ပြောကြားလိုက်တာဖြစ်ပါတယ်။
"အပြောင်းအလဲဟာ လုံးဝလုံလောက်တဲ့ အပြောင်းအလဲမဟုတ်ဘူး၊ ဒီလိုလုံးဝလုံလောက်တဲ့ အပြောင်းအလဲ ကိုတောင်မှ မထောက်ခံချင်ဘူးဆိုတဲ့ အဓိပ္ပါယ်ကတော့ အပြောင်းအလဲကို မလိုလားဘူးဆိုတဲ့အဓိပ္ပါယ် ကို ရောက်ပုံရပါတယ်၊ ဒီဟာမထောက်ခံတဲ့ ကိုယ်စားလှယ်များဟာ အပြောင်းအလဲကို မလိုလားတာ ဒီပုဒ်မတစ်ခုချင်းတစ်ခုချင်းကို မပြင်ဆင်တာထက် ဘာဖြစ်လို့လဲဆိုတော့ ပြင်ဆင်ထားတာတွေကလည်း လုံလောက်တာမဟုတ်ဘူး၊ ၇၅ ရာခိုင်နှုန်းကနေပြီးတော့ ၇ဝ ရာခိုင်နှုန်းအောက်မကျသောဆိုတာကလည်း ဘာမှထူးခြားတာလည်းမဟုတ်ဘူး၊ ချွေးမနဲ့ သမက်ကို ၅၉(စ)ကနေ ဖယ်လိုက်တာလည်း ဘာမှသိပ်ပြီးတော့ ထိထိရောက်ရောက် ပြုပြင်ပြောင်လဲတာလည်းမဟုတ်ပါဘူး၊ အဲ့ဒီတော့ ဒီလိုမထိရောက်တဲ့ဟာတွေကိုတောင်မှ မပြင်ချင်ဘူးဆိုလို့ရှိရင်တော့ ပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ပဲ အဲ့လိုပဲသတ်မှတ်ရမှာပါ"
ဒီပုဒ်မတွေကို မပြင်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ရေး မဝင်ရေးကို ဆုံးဖြတ်မှာ မဟုတ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါ့အပြင် မဲခွဲွဆုံးဖြတ်ရာမှာ လျှို့ဝှက်မဲထက် ထိုင် ၊ ထစနစ်ကို ပိုနှစ်သက်ကြောင်းနဲ့ အဲဒီလိုပြသခြင်းအားဖြင့် ဘယ်သူက ဘယ်မဲပေးတယ်ဆိုတာ ပြည်သူတွေသိနိုင် မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
တပ်မတော်သား ကိုယ်စားလှယ်တွေဟာ အစဉ်တစိုက် ဖွဲ့စည်းပုံပြင်ဖို့ကို ကန့်ကွက်ခဲ့တာဖြစ်ကြောင်းနဲ့ ပြင်ဖို့ဟာ တပ်မတော်သားကိုယ်စားလှယ်တွေက ကန့်ကွက်ရင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်ကြောင်း ၊ ဒါပေမယ့် ရွေးချယ်ခံ ကိုယ်စားလှယ်တွေကပါ ကန့်ကွက်နေတာကို တွေ့ရကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် ၆ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကိုလည်း မိမိအနေနဲ့ မစဉ်းစားတော့ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။