ငြိမ်းချမ်းရေးဆွေးနွေးမှု တဖွဲ့ချင်းလုပ်မည်မဟုတ်ကြောင်း UNFC ပြောဆို

အစိုးရသစ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ တိုင်းရင်းသား တဖွဲ့ချင်းအလိုက် ဆွေးနွေးမှာ မဟုတ်ပဲ တိုင်းရင်းသားအားလုံးပါဝင် ဆွေးနွေးဖို့ကိုသာ မူဝါဒချမှတ်ထားကြောင်း UNFC ခေါ် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောဆိုပါတယ်။

2011.04.21
naga_ethnic_union_305_z.png နာဂတိုင်းရင်းသား ပွဲတော်မြင်ကွင်း ဖြစ်ပါသည်။ တိုင်းရင်း သား လူမျိုးစုများစွာ မှီတင်းနေထိုင်သော မြန်မာနိုင်ငံတွင် ပင်လုံ သဘောတူညီချက်အရ လူမျိုးတိုင်း တန်းတူအခွင့် အရေးကို အခြေခံသော ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ရေး ကို လိုလားတောင်းဆိုနေကြပါသည်။
Photo: AFP

အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ အစိုးရကြား ပြီးခဲ့တဲ့ နှစ်က စပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကိစ္စနဲ့ ပတ်သက်လို့ တင်းမာမှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတော့ ကြားခံစေ့စပ်သူတွေကတဆင့် တိုင်းရင်းသားအဖွဲ့တချို့နဲ့ အစိုးရသစ်တို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး UNFC အဖွဲ့ကို RFA က မေးမြန်းရာမှာ အတွင်းရေးမှူး နိုင်ဟံသာက အခုလိုဖြေကြားခဲ့ပါတယ်။

“ကျွန်တော်တို့က သီးခြားတဖွဲ့ချင်းစီ ဆွေးနွေးနေရင် ဒါ ကြာတယ်၊ အလုပ်မဖြစ်ဖူး၊ အနှိမ်ခံရတယ်၊ အဲဒီလို ကျွန်တော်တို့ ခံစားမိတယ်လေ။ အဲဒီတော့ အကောင်းဆုံးကတော့ ကျွန်တော်တို့က ဆွေးနွေးစရာ ရှိရင် တပ်ပေါင်းစုအနေနဲ့ပဲ ဆွေးနွေးမယ်။”

“လွန်လာတဲ့ အတွေ့အကြုံအရ ဆိုရင် စစ်အစိုးရက အပစ်အခတ် ရပ်စဲရေး လုပ်တယ်ဆိုပေမဲ့ နိုင်ငံရေးအရ တကယ် မဆွေးနွေးဘူးဗျ။ နည်းပရိယာယ်အရပဲ ကျွန်တော်တို့ကို ဖျက်ဆီးတယ်ဆိုတဲ့ သဘောမျိုးပဲ ကျွန်တော် ခံစားမိတယ်လေ။ အဲဒါကြောင့် တကယ် ဆွေးနွေးမယ်ဆိုရင်တော့ စုပေါင်းပြီး ဆွေးနွေးတာက ပိုပြီးတော့ မြန်ဆန်မှာပေါ့ဗျာ။ ပိုပြီးတော့ ထိရောက်မယ်၊ အဲဒါမျိုးကို ကျွန်တော်တို့က ဖြစ်စေချင်တာ။”

UNFC ချမှတ်ထားတဲ့ ဒီဆွေးနွေးရေးမူဟာ ပြည်တွင်းမှာ ပြောဆိုနေတဲ့ ဒုတိယအကြိမ် ပင်လုံ ညီလာခံ ကျင်းပရေးမူနဲ့ ထပ်တူဖြစ်တယ်လို့ နိုင်ဟံသာက ဆိုပါတယ်။ ပထမအကြိမ် ပင်လုံညီလာခံမှာ သဘောတူညီခဲ့တဲ့ အချက်တွေကို အခြေခံပြီး ဒီကနေ့ တိုင်းရင်းသားများ အရေးကို ထပ်ပြီး ဆွေးနွေးဖို့ လိုတယ်လို့ ယူဆကြောင်းလည်း ပြောပါတယ်။

UNFC အဖွဲ့မှာ စစ်အစိုးရလက်ထက်က ငြိမ်းချမ်းရေးယူထားတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) နဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ တို့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့တို့နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဖွဲ့စည်းခဲ့ တာ ဖြစ်ပါတယ်။

UNFC ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးမူဝါဒနဲ့ ပတ်သက်ပြီး အတွင်းရေးမှူး နိုင်ဟံသာကို RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။