နိုဘယ်မြန်မာ စာပေပွဲတော် စတင်ဖွင့်လှစ်


2016.01.16
nobel-myanmar-620.jpg ဒုတိယအကြိမ်မြောက် နိုဘယ်မြန်မာ စာပေပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် Myanmar Event Park မှာ ဖွင့်လှစ်စဉ်
Photo: Kyaw Zaw Win/RFA

မြန်မာစာပေအကြောင်း ဆွေးနွေးပွဲတွေပါဝင်တဲ့ နိုဘယ်မြန်မာ စာပေပွဲတော်ကို ဒီကနေ့ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်က Myanmar Event Park မှာ စတင်ဖွင့်လှစ်လိုက်ပါတယ်။

မြန်မာစာပေဖွံ့ဖြိုးတိုးတက်ဖို့ ရည်ရွယ်ချက်နဲ့ နိုဘယ်မြန်မာစာပေပွဲတော်ကို ကျင်းပတာဖြစ်ကြောင်း နိုဘယ်မြန်မာ စာပေပွဲတော် ဥက္ကဌ စာရေးဆရာဖေမြင့်က ပြောပါတယ်။

"နိုဘယ်မြန်မာ စာပေပွဲတော်ပေါ့နော်၊ ဒီလိုပွဲတော်ကို မနှစ်က တစ်ကြိမ်လုပ်တယ်၊ ဒီနှစ် တစ်ကြိမ်ကျင်းပ တယ်ပေါ့နော်၊ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပြောမယ်ဆိုရင် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးပေါ့၊ ဒီနှစ်ထဲမှာတော့ မြန်မာစာပေထဲမှာမှ ကလေးစာပေကဏ္ဍကို အဓိကထားပြီး ကျနော်တို့ ကျင်းပနေ တာဖြစ်ပါတယ်၊ အဲ့ဒီတော့ ကျနော်မြင်တာတော့ ကျနော်တို့ အခုအခါမှာရှိတဲ့ အစိုးရအကြောင်းတွေရော၊ တခြားပုဂ္ဂလိကအကြောင်းတွေ စောစောကပြေခဲ့တဲ့ ကျောင်းမှာ စာကြည့်တိုက် ထားပေးတယ်၊ ကလေးတွေကို စာသင်ချိန်ပြင်ပမှာ ကျောင်းစာအပြင်မှာ သူတို့စာအုပ်လေးတွေဖတ်ဖို့ အဲ့ဒီလိုအစီအစဉ်လေးတွေလုပ်ပေးရင် ကျနော်တို့ ပြန်ပြီးတော့ ဖွံ့ဖြိုးတိုးတက်တယ်ဆိုတဲ့ အနေအထား ရောက်လာမယ်လို့ မြင်ပါတယ်ခင်ဗျ"

စာပေပွဲတော်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့ထိ ၃ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ဒီညပိုင်းမှာ စာရေးဆရာ ချစ်ဦးညို ရေးသားတဲ့ "ဘကြီးအောင်ညာတယ်" ပြဇာတ်ကို ကပြမှာဖြစ်ပြီး စာရေးဆရာတွေ ဆရာမတွေ ပါဝင်သရုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

၃ ရက်ကြာ စာပေပွဲတော်မှာ ဘာသာပြန်၊ သုတ၊ ရသ ကဗျာ၊ ကာတွန်းစတဲ့ စာအုပ်ပေါင်းစုံကိုလည်း အထူလျှော့ဈေးနဲ့ ရောင်းချပေးနေသလို ကလေးတွေ ကဗျာရွတ်ပြိုင်တာ၊ ပုံပြင်ပြောပြိုင်တာ၊ ပန်းချီဆွဲ ပြိုင်တာတွေလည်း ပါဝင်ပါတယ်။

နိုဘယ်မြန်မာစာပေပွဲတော်ကို မနှစ်က စတင်ပြုလုပ်တာဖြစ်ပြီး ဒီနှစ်မှာ ကလေးတွေအတွက် ရုပ်ပြကာတွန်း၊ ကလေးကဗျာတွေ၊ ပုံပြင်တွေကိုလည်း ပြသထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။