ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနဲ့ နိုဗယ်ဆုရှင်တွေရဲ့ စကား
2010.11.13
မြန်မာပြည်သူတွေ ဒီမိုကရေစီအပြည့်အဝ ရရှိရေးအတွက် မိမိတို့အနေနဲ့ ဆက်လက် တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ ဆက်လက်ပြီး လာမယ့်နှစ်ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်လိမ့်မယ်လို့ မိမိတို့ မျှော်လင့်ကြောင်း Mr. de Klerk ကပြောပါတယ်။ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေရဲ့ နှစ်ပတ်လည် ဆွေးနွေးပွဲကို ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ မနေ့ကစပြီး ပြုလုပ်နေတာပါ။
၁၉၉၇ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် Jody Williams က ဒီကနေ့မနက် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်လာခင်မှာ ပြောဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရက သူ့ကို ခြွင်းချက်နဲ့ ပြန်လွတ်ပေးမှာကို လက်မခံနိုင်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်ကြောင်းနဲ့ အမှန်တကယ် ပြန်မလွတ်လာမချင်း ဒီသတင်းနဲ့ ပတ်သက်လို့ ဟက်ဟက်ပက်ပက် မကြိုဆိုနိုင်သေးကြောင်း ပြောပါတယ်။
အလားတူပဲ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကလည်း တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်မြောက်လာမယ်ဆိုရင် အတိုင်းထက်အလွန် ကြိုဆိုရမှာဖြစ်ပြီး မြန်မာစစ်အစိုးရအပေါ် နိုင်ငံတကာ အမြင်ဟာလည်း ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဒီကနေ့ မနက်က ပြောဆိုခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ်ဆိုရင် ဒါဟာ တဦးတယောက်တည်းရဲ့ လွတ်မြောက်မှု မဟုတ်ဘဲ ဒီမိုကရေစီကို အမှန်တကယ် လိုလားတဲ့ မြန်မာပြည်သူ အမြောက်အမြားရဲ့ လွတ်မြောက်မှုလည်း ဖြစ်တယ်လို့ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောပါတယ်။