နို့ဖိုးဒုက္ခသည်စခန်းမှာ ဆန္ဒပြ
2014.01.22

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းတွင်းမှာ ခွဲခြားဆက်ဆံရေး ရပ်တန့်ပေးဖို့ ဒုက္ခသည် ၃၀၀ လောက်က စခန်းတွင်းမှာရှိတဲ့ UNHCR ရုံးရှေ့မှာ လက်ကိုင်ပိုစတာတွေ ကိုင်ဆောင်ကာ ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။
နို့ဖိုးဒုက္ခသည်စခန်းတွင်းက PRE (ပရီ) လို့ခေါ်တဲ့ ယာယီဒုက္ခသည်အဆင့် ၄ နှစ်ကျော် ၅ နှစ်နီးပါကြာ သတ်မှတ်ခံထားရတဲ့ ဒုက္ခသည် ၃၀၀ လောက်က တတိယနိုင်ငံထွက်ခွာခွင့်နဲ့ ပတ်သက်ပြီး ခွဲခြားခံနေရတဲ့အတွက် ဆန္ဒပြခဲ့တာလို့ နို့ဖိုးဒုက္ခသည်စခန်းက ဒုက္ခသည် ကိုကျော်မြင့်ဆွေက RFA ကို ခုလိုပြောပါတယ်။
“ဒီမှာဖြစ်နေတာက တတိယနိုင်ငံမှာ မိသားစု ရှိတဲ့သူ ဆွေမျိုးသားချင်းရှိတဲ့သူကို သာလျှင် ဒုက္ခသည်အဖြစ်ဆိုပြီးတော့ မြန်မာပြည်တွင်း မှာရှိတဲ့ သူတွေက သူတို့မိသားစုရှိတယ်ဆိုပြီး ဒုက္ခသည်ထဲကိုလာတယ်၊ ထိုင်းပြည်ထဲရေးက လက်ခံတဲ့အခါကြတော့ တတိယနိုင်ငံတွေ သွားခွင့်ရကြတယ်၊ ကျန်တဲ့သူက ထောင်နဲ့ ချီကျန်တဲ့ အခါကြတော့ အဲ့ဒီလူတွေက ဒီလိုခွဲခြားတာကို သူတို့လက်မခံဘူးပေါ့၊ တကယ်ဒုက္ခရောက်နေကြတဲ့ သူတွေကြတော့ ဒုက္ခသည်အဖြစ် အသိအမှတ်မပြုကြတဲ့အခါကြ ဘုန်းကြီးတွေရော ဘာတွေရော သူတို့ ဆန္ဒပြကုန်ကြတယ်ဗျ။”
ဆန္ဒပြရာမှာပါဝင်တဲ့ ဒုက္ခသည်တွေဟာ စခန်းတွင်း ၁၆ အေ ရပ်ကွက်နဲ့ ၁၆ ဘီရပ်ကွက်တွေကနေ UNHCR ရုံးထိချီတက်ပြီး ဆန္ဒပြထုတ်ဖော်ခဲ့တာဖြစ်ပြီး ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက် ၄ ချက်ကို UNHCR ရုံးတာဝန်ရှိသူတွေက တိတိကျကျ ပြန်လည်ဖြေကြားတာမရှိဘူးလို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဒုက္ခသည်ကို ကျော်ကျော်က ခုလိုပြောပါတယ်။
“အဓိကအချက်က ခွဲခြားဆက်ဆံရေး ရပ်တန့်ပေးရေး၊ နံပါတ် ၂ က ဒုက္ခသည်များအားလုံး ဥပေက္ခာပြုမထားရေး၊ အနာဂတ်မဲ့ဒုက္ခသည်များ လွတ်မြောက်ရေး၊ နံပါတ်လေးအချက်က တန်းတူအခွင့်အရေး ချက်ခြင်းပေးရေး ဆိုတဲ့အချက်ကို ကျနော်တို့တောင်းတာ UNHCR ရဲ့ တာဝန်ရှိသူတစ်ယောက်ပြောတာတော့ လောလောဆယ်တော့ သူတို့မှာ ပြောပိုင်ခွင့်မရှိဘူး၊ ဘန်ကောက်ဌာနချုပ်ရုံးကို အကြောင်းကြားပေးမယ် အဲဒီက ပြန်လာတဲ့အကျိုးအကြောင်းကို သူတို့ နောက်တစ်ပါတ်လာလို့ရှိရင် ပြောပေးမယ် ဒီလိုပဲပြောသွားတယ်”
နို့ဖိုးဒုက္ခသည်စခန်းတွင်းမှာ အလားတူ ဆန္ဒပြတာမျိုး ၂၀၁၀ခုနှစ် ဇန်နဝါရီလအတွင်းမှာ တစ်ကြိမ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဧပြီလနဲ့ ဂျွန်လတွေမှာ နှစ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
ထိုင်း မြန်မာ နယ်စပ်တလျှောက်မှာ ဒုက္ခသည်စခန်း ၉ ခုရှိပြီး လူဦးရေ တစ်သောင်းကျော်ရှိတဲ့ အုံးဖြန်းမြို့နယ်အတွင်းက နို့ဖိုးဒုက္ခသည်စခန်အပါအဝင် စုစုပေါင်း မြန်မာဒုက္ခသည် ၁ သိန်း ၄ သောင်းခန့်ရှိတယ်လို့ သိရပါတယ်။