မြောက်ပိုင်း ABSDF ထူထောင်မှု အထိမ်းအမှတ် ကျင်းပ
2015.11.01

ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး မြန်မာပြည် မြောက်ပိုင်းမှာ အဖွဲ့အစည်း ထူထောင်ခြင်း ၂၇ နှစ်မြောက်အခမ်းအနားကို လိုင်ဇာမြို့အနီးရှိ ဂျန်ထုန်လခွမ်းဘွမ်ဌာနချုပ်မှာ မနေ့က ကျင်းပကြပါတယ်။
အခမ်းအနားကို မဟာမိတ်အဖွဲ့အစည်းတွေ ဖြစ်တဲ့ ကေအိုင်အို၊ ရခိုင့်တပ်မတော်၊ TNLA အဖွဲ့ တို့က တက်ရောက် ကြပြီး လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ကေအိုင်အို စစ်မဟာဗျူဟာ လေ့လာရေးဌာနမှုး ဗိုလ်မှုး ကြီးဇော်တောင်နဲ့ မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ရဲဘော်လဆိုင်း တို့က ဟောပြောကြပါတယ်။ မြောက်ပိုင်း ABSDF အဖွဲ့ဟာ NCA လက်မှတ်မထိုးထားသေးတဲ့ ကေအိုင်အို အဖွဲ့ဒေသမှာ နေထိုင်နေတာဖြစ်ပြီး အဖွဲ့ရဲ့ လက်ရှိနိုင်ငံရေး ရပ်တည်ချက် အခြေအနေနဲ့ပတ်သက်လို့ ရဲဘော်လဆိုင်းက အခုလိုပြောပါတယ်။
"မြောက်ပိုင်းအနေနဲ့ကတော့ လက်မှတ်မထိုးသေးတဲ့ မဟာမိတ်ကေအိုင်အို နဲ့နေနေရတယ် လက်ရှိအစိုးရ ဟာ တကယ်လို့ ထိုးစစ်တွေ ဆင်လာမယ်ဆိုရင် ကျနော်တို့လဲ မိမိတို့ကို ကာကွယ်တဲ့အနေနဲ့ တိုက်ပွဲမှာ ပါဝင်ရမှာဖြစ်ပါတယ်။ ကျနော်တို့မျှော်လင့်တာက ဒီနေ့ nca စာချုပ်မှာ ပါတဲ့အတိုင်း နိုင်ငံရေးဆွေးနွေးပွဲ ကြီးဖြစ်မြောက်ပြီးမှ မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ အဲလိုဖြစ်ဖို့ရာ လက်ရှိအစိုးရမှာ အင်မတန်မှ တာဝန်ရှိတယ် သူတို့ကိုယ်တိုင် လိုလိုလားလား လုပ်မှဖြစ်နိုင် တယ်ဆိုတာ ကျနော်တို့မြင်ပါတယ်"
ဒါ့အပြင် အခမ်းအနားမှာ ABSDF ဗဟိုက ပေးပို့တဲ့ ကြေညာချက်နဲ့ အဖွဲ့ဥက္ကဌ ရဲဘော်သံခဲတို့ရဲ့ သဝဏ်လွှာတွေကို ဖတ်ကြားကြပါတယ်။
အခမ်းအနားကို မဟာမိတ်နဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေအပါအဝင် ဒေသခံပြည်သူလူထု ၃၀၀ လောက် တက်ရောက်ကြပါတယ်။ ABSDF အဖွဲ့ဟာ အစိုးရ နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်ပါတယ်။