ဆန္ဒပြပွဲလုပ်ခဲ့တဲ့ မြောက်ဒဂုံ (၄၀) ဈေးက လမ်းဘေးဆိုင်အားလုံး ဖျက်ဆီးခံရ

RFA Burmese
2023.11.26
ဆန္ဒပြပွဲလုပ်ခဲ့တဲ့ မြောက်ဒဂုံ (၄၀) ဈေးက လမ်းဘေးဆိုင်အားလုံး ဖျက်ဆီးခံရ ရန်ကုန်မြို့၊ မြောက်ဒဂုံ (၄၀) ဈေးအတွင်း စစ်ကောင်စီတပ်မှ ဖျက်ဆီးခဲ့သည့် ဆိုင်နေရာများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

လူငယ်တွေ သပိတ်လှုပ်ရှားမှုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၀) ဈေးအတွင်းက လမ်းဘေးဈေးဆိုင်တွေကို နိုဝင်ဘာလ ၂၅ ရက် မနေ့ည ၁၀ နာရီခန့်မှာ စစ်ကောင်စီတပ်သား အင်အားငါးဆယ်ဝန်းကျင် ဝင်ရောက်ဖျက်ဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

နိုဝင်ဘာလ ၂၅ ရက်မနေ့မနက်ပိုင်းက အဲဒီဈေးမှာ ဈေးသည်တွေနဲ့ ဈေး၀ယ်ပြည်သူတွေ ရှိနေချိန် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက လူငယ်တွေ သပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့တာပါ။

(၄၀) ဈေး၊ တပင်ရွှေထီးလမ်းဘေး နှစ်ဖက်စလုံးက လမ်းဘေးဆိုင်အားလုံးကို ဖျက်ဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“တပင်ရွှေထီးလမ်းမပေါ်က လမ်းဘေးဝဲဘက်၊ ယာဘက်မှာရှိတဲ့ လမ်းဘေးက ဆိုင်တွေအကုန်လုံးကိုတော့ ဖြိုပြီးတော့ ညတွင်းချင်း ဖော (FAW) ကားတွေနဲ့ ဖျက်ပြီးတော့ သယ်သွားတယ်။ ရဲ ပါတယ်။ စစ်သား ပါတယ်။ ကားကြီးတစ်စီး ပါတယ်။ ဖောကားကတော့ သုံးလေးငါးစီးလောက်ကိုပါတယ်။ ဖျက်ထားတဲ့ ဆိုင်ပစ္စည်းတွေကို ခေါက်တုံ့ခေါက်ပြန် သယ်လိုက်၊ တင်လိုက်လုပ်နေတယ်။ အင်အား ငါးဆယ်လောက် ရှိတယ်။ ည ၁၀ နာရီကတည်းက လုပ်နေကြတာ၊ မနက် ၃ နာရီမှာ သူတို့ သိမ်းသွားတာပဲ”

အဲဒီဈေးမှာ နိုဝင်ဘာလ ၂၅ ရက်မနေ့မနက်ပိုင်းက လူငယ်တစ်စု ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့တဲ့အတွက် အခုလို ဆိုင်တွေကို လာရောက်ဖျက်ဆီးတာဖြစ်နိုင်တယ်လို့လည်း အဲဒီမြို့ခံက ဆိုပါဆယ်။

လမ်းဘေးဆိုင်အကုန်နီးပါး ဖျက်ဆီးသွားပြီး ငါးရောင်းတဲ့ဈေးသည်တွေရဲ့ ငါးပုံးတွေ၊ ဈေးခုံတွေနဲ့ ပစ္စည်းတွေကိုပါ ကားတွေနဲ့သယ်သွားတဲ့အပြင် ဈေးလမ်းဘေးရှိတဲ့ CCTV တွေကိုပါ စစ်ဆေးသွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

ဒါအပြင် လမ်းဘေးဈေးသည်တွေ လုံးဝဈေးမရောင်းဖို့ ပြောဆိုသွားသလို နိုဝင်ဘာလ ၂၆ ရက် ဒီနေ့မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်သား ငါးဦးနဲ့ အရပ်ဝတ် ခြောက်ဦးခန့် CCTV တွေကို ထပ်လာစစ်သွားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒီနေ့မနက်ပိုင်း လမ်းဘေးဈေးဆိုင်တွေမဖွင့်နိုင်ဘဲ ကုန်စုံဆိုင်တချို့သာ ဆိုင်တံခါးတစ်ခြမ်းဖွင့်ပြီး ရောင်းနေကြရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

အခုလို ဆိုင်ခန်းတွေကို ဖျက်ဆီးသွားအပေါ် တုံပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်း ပြောခွင့်ရသူ တိုင်းဥပဒေချုပ် ဦးဌေးအောင်ကို RFA က ဒီနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမှားနေတယ်လို့သာ ပြန်လည်ဖြေဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။