သန်းခေါင်စာရင်းကောက်တဲ့ မြောက်ဥက္ကလာပ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ

RFA Burmese
2024.10.12
သန်းခေါင်စာရင်းကောက်တဲ့ မြောက်ဥက္ကလာပ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တိုက်ခိုက်ခံရ မြောက်ဥက္ကလာပမြို့နယ်၊ ဋ ရက်ကွက်အုပ်ချုပ်ရေးမှူးရုံးကို တိုက်ခိုက်ခဲ့သည့် လက်ပစ်ဗုံးများအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့က တွေ့ရစဥ်။
Yangon UG People Army

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကောက်ယူမှုကို အကူအညီပေးနေတဲ့ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အောက်တိုဘာ ၁၁ ရက်ညက ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Yangon UG People Army (YUPA) နဲ့ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) က လုပ်ဆောင်ခဲ့တာလို့ အဲဒီအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို အောက်တိုဘာ ၁၂ ရက်နေ့ ဒီနေ့မှာ ပြောပါတယ်။

“စစ်ကောင်စီကို သက်ဆိုးရှည်အောင် ကူညီပေးနေတဲ့အတွက် ပြည်သူအားလုံး မထောက်ခံတဲ့ သန်းခေါင်စာရင်း ကောက်ခံနေတဲ့အတွက်ကြောင့် ဖောက်ခွဲတိုက်ခိုက်တာပါ။ ထိခိုက်သေဆုံးနိုင်မှု အခြေအနေကတော့ အတိအကျတော့ မသိရပါဘူးဗျ။ လက်ပစ်ဗုံး နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဆိုတော့ ပေါက်ကွဲအားကတော့ အတော်ပြင်းတယ်”

မြောက်ဥက္ကလာပမြို့နယ် ဋ ရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့အပေါ် စစ်ကောင်စီတပ်သားတွေ ကားနဲ့ရောက်လာပြီး အနီးဝန်းကျင်ကို စစ်ဆေးမှုတွေ လုပ်သွားတယ်လို့လည်း ဆိုပါတယ်။

အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ပြီးနောက် ပေါက်ကွဲအား ပြင်းထန်မှုကြောင့် မြေကြီးပါ တုန်သွားတဲ့အထိ ဖြစ်သွားတယ်လို့ မြောက်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က အောက်တိုဘာ ၁၂ ရက်နေ့ ဒီနေ့မှာ တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

စက်တင်ဘာ ၃၀ ရက်နေ့ကလည်း သန်းခေါင်စာရင်း ကောက်ယူမှုကို ဆန့်ကျင်တဲ့အနေနဲ့ ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်မှာရှိတဲ့ အလတ်ချောင်းနဲ့ စက်ဆန်းရပ်ကွက်က အုပ်ချုပ်ရေးမှူးရုံးတွေ ဗုံးခွဲတိုက်ခိုက်ခံရပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ရန်ကုန်တိုင်းထဲကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်မလာစေဖို့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေက မပြတ်စောင့်ကြည့်ရမယ်လို့ အောက်တိုဘာ ၈ ရက်နေ့မှာ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။