North Shore အထည်ချုပ်မှာ အလုပ်သမား ၅၄ ဦး ထုတ်ပယ်ခံရ
2015.12.07

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာစက်မှုဇုန် ၄ မှာရှိတဲ့ North Shore Group အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၅၄ ဦးကို အလုပ်ရှင်က ဒီနေ့ အလုပ်ကနေ ထုတ်လိုက်ပါတယ်။
အထုတ်ခံလိုက်ရတဲ့ အလုပ်သမား ၅၄ ဦးဟာ အလုပ်ရှင်က ဌာနပြောင်းပြီး အလုပ်လုပ်ခိုင်းတာကို လက်မခံတဲ့ အတွက် အလုပ်ကနေ ထုတ်ပယ်ခံရတာလို့ အဲဒီစက်ရုံက အလုပ်သမား ကိုအောင်မြင့်မြတ်က ပြောပါတယ်။
"ပထမ ၅၂ ဦးပါခင်ဗျ၊ အခုနောက်ထပ်က ၅၄ ဦး၊ နှစ်ဦးသဘောတူစာချုပ် စည်းကမ်းကို ချိုးဖောက်တယ်ဆိုပြီး ထုတ်တာပါခင်ဗျ၊ သူတို့က လိုင်းတွေပြောင်းနေတယ်ပေါ့၊ တည်ငြိမ်မှုမရှိဘူးခင်ဗျ၊ အလုပ်သမားအဖွဲ့အစည်းများ တဲ့ လိုင်းတွေကို ခွဲထုတ်တယ်၊ ကလေးတွေက လက်မခံဘူး"
အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်မှာ လုပ်ငန်းခွင်လိုအပ်ချက်အရ အလုပ်ရှင်ဟာ အလုပ်သမားတွေနဲ့ ညှိနှိုင်းပြီး ဌာနပြောင်းရွှေ့လို့ရတယ်လို့ ပါရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း အလားတူ အလုပ်သမား ၅၂ ဦး အလုပ်ထုတ်ခံထားရပါတယ်။
North Shore Group အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက အလုပ်သမား ၂ဝဝ ကျော်ကို အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့ကိစ္စနဲ့ အလုပ်သမားတွေကို တစ်ရက်လုပ်အားခ ကျပ် ၃၆ဝဝ အပြည့်မပေးတာကြောင့် အလုပ်သမားတွေက အလုပ်ရှင်ကို တိုင်တန်းထားတဲ့ အမှုနှစ်မှုရှိနေတယ်လို့ သိရပါတယ်။