စစ်ပွဲများယာယီရပ်ချိန် ဒုက္ခသည်တွေ အိမ်ပြန်ပြီ
2019.09.09

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ရက်နေ့က စတင်ဖြစ်ပွားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ညီနောင်၃ဖွဲ့နဲ့ အစိုးရတပ်မတော်တို့ရဲ့တိုက်ပွဲဟာ စက်တင်ဘာလ ၉ရက်နေ့က စပြီး ရပ်သွားပါပြီ။ တိုက်ပွဲတွေ စတင်ချိန်က ပြင်ဦးလွင်မြို့အပါအဝင် မြို့နယ် ၅ ခုမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ညီနောင်သုံးဖွဲ့က စတင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
နောက်ပိုင်း တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားတာကြောင့် ဒေသခံ ၂ဝဝဝ နီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်။ စက်တင်ဘာလ ၉ရက်နေ့ တိုက်ပွဲတွေ ရပ်သွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ Net Organization အဖွဲ့က မိုင်းမိုင်ပြောတာက …
“ ပြန်ကုန်ကြပြီ။ camp နှစ်ခု သုံးခုပဲကျန်တယ်။ သူတို့လည်း မနက်ဖြန် သဘက်ခါဆို ပြန်တော့မှာ။ နဂိုက camp ၆ခုလောက်မှာ သူတို့နေကြတယ်။ အများအားဖြင့်က ဆွေမျိုးတွေ အိမ်မှာနေပါတယ်။ အခုကျန်နေသေးတာ ၂ဝဝ ကျော်လောက်ကျန်နေတာ”
ခုလိုတိုက်ပွဲတွေ ရပ်လိုက်တော့ ကားလမ်းတွေ ပြန်ပွင့်သွားကြပြီး နေ့ရောညပါ ကားတွေ သွားနေကြတယ်လို့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေး သစ်သီးဒိုင် ဒုတိယဥက္ကဋ္ဌ စိုင်းခင်မောင်က ပြောပါတယ်။
“ လမ်းအခြေအနေက ကောင်းသွားပြီ။ ကုန်သွယ်ရေးကတော့ အရင်ပစ်နေခတ်နေတုန်းက ဂိုထောင်ထဲမှာ နေတဲ့ဆန်တွေအကုန် တရုတ်က ဝယ်သွားတယ်။ ကျနော်တို့ သစ်သီးဝလံကတော့ ရာသီချိန်မဟုတ်လို့ သိပ်အသွားအလာမရှိဘူး။ တရုတ်ဘက်က ဝင်တဲ့ကုန်ပဲများနေတာ”
တရုတ်ဘက်က လက်ရှိမှာ သစ်သီးဝလံအနေနဲ့ ပန်းသီးနဲ့ သစ်တော်သီးလို အသီးမျိုးတွေ ဝင်နေတယ်လို့ ပြောပြပါတယ်။
ခုဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ တစ်လဆိုတဲ့ အချိန်ကို မရောက်လိုက်ပေမယ့် ဒေသခံတွေအတွက်က ပိုပြီး ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
“ခုတခေါက်က ဒီပြည်ထောင်စုလမ်းကြီးပေါ်မှာ ဖြစ်တဲ့အတွက် ပြည်သူတွေ အထိနာတယ်။ လားရှိုးကနေ မူဆယ်တလျှောက်မှာရှိတဲ့ ကျေးရွာတွေ မြို့တွေ အကုန်လုံးလိုလိုပိတ်မိတဲ့ ပုံစံဖြစ်သွားတာပေါ့။ အရပ်သား သေဆုံးမှုနဲ့ ပစ္စည်းဆုံးရှုံးမှု အဲ့ဒါတွေလည်း ပိုပြီးများလာတာပေါ့”
ခုဖြစ်ပွားတဲ့ တိုက်ပွဲဟာ တလ မပြည့်ခဲ့ပေမယ့် အရပ်သားသေဆုံးမှု ၁၇ဦး ရှိပြီး ၂၇ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဖျက်ဆီးခံရတဲ့ကားက စုစုပေါင်း ၃ဝ လောက်ရှိပါတယ်။ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အချိန်က တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းပိတ်သွားခဲ့တာကြောင့် နေ့စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၆သန်းဖိုးလောက် ဆုံးရှုံးရတယ်လို့ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး က ထုတ်ဖော်ပြောပါတယ်။
(RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းသည်)