"ဝ" ၊ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တရုတ်ကိုယ်စားလှယ် တွေ့ဆုံ


2017.03.15
northern-alliance-burma-china-620.jpg တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang ဆွန်ကောရှန်းနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့ရှိ World Trade Center မှာ မတ်လ ၁၄ ရက်နေ့က တွေ့ဆုံဆွေးနွေးကြစဉ်
Photo: Northern Alliance - Burma FB

အစိုးရတပ်မတော်နဲ့ လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီနဲ့ တရုတ်နိုင်ငံက အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang ဆွန်ကောရှန်း တို့ မနေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

တရုတ် မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ လျော့ချနိုင်ဖို့နဲ့ မြန်မာအစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေ တွေ့ဆုံဆွေးနွေးလိုတယ်ဆိုရင် တရုတ်နိုင်ငံက ကြားဝင်ဆက်သွယ်ပေးမှာဖြစ်ကြောင်း တရုတ်နိုင်ငံ အထူးကိုယ်စားလှယ်က ကမ်းလှမ်းခဲ့တယ်လို့ AA ရခိုင်တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူး ချုပ် ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။

"ကျနော်တို့ကို တိုက်ပွဲတွေနဲ့ ပတ်သက်ပြီးတော့လည်း  ပြေပြေလည်လည်ဖြစ်အောင်ဖြေရှင်းဖို့ရယ်။ တကယ်လို့ အစိုးရအဖွဲ့နဲ့  ခင်ဗျားတို့တွေ့ဆုံဖို့ လိုတယ်ဆိုရင်လည်း တရုတ်နိုင်ငံက  ကြားခံထားပြီး ပဲဖြစ်ဖြစ် ကျနော်တို့အဖွဲ့အနေနဲ့  သီးသန့်ဆက်သွယ်လို့ပဲဖြစ်ဖြစ်၊ အဲလိုမဟုတ်ဘူးဆိုရင်လည်း တရုတ်နိုင်ငံက  ကြားဝင်ပြီးတော့ ဆက်သွယ်ပေးမယ်ဆိုတဲ့ အကြောင်းရယ်၊ တွေ့ဆုံမယ်ဆိုရင်လည်း  ကူမင်းမှာ ဖြစ်ဖြစ်ပေါ့နော် အဲလိုပုံစံမျိုးတွေကိုပြောခဲ့ပါတယ်"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၃ ရက်နေ့အတွင်း တရုတ်နိုင်ငံက အာရှရေးရာအထူး ကိုယ်စားလှယ် Mr. Sun Guoxiang ဆွန်ကောရှန်းဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်၊ အစိုးရအဖွဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ နဲ့ နေပြည်တော်မှာ သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

တပ်မတော်ခေါင်းဆောင်ပိုင်းက AA ရခိုင်အဖွဲ့၊ TNLA တအာင်းပလောင်အဖွဲ့၊ ကိုးကန့်အဖွဲ့တို့နဲ့ တွေ့ဆုံဆွေးနွေး ဖို့ မရှိဘူးလို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုမူတွေရှိတဲ့အတွက် အစိုးရအဖွဲ့နဲ့ တပ်မတော်တို့ကြားမှာ မတူညီတဲ့ သဘောထားတွေကို တွေ့ရတယ်လို့ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

ဒါ့အပြင် UWSP "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ဦးဆောင်မှုနဲ့  အစိုးရနဲ့ တွေ့ဆုံဖို့ နိုင်ငံရေး တွေ့ ဆုံဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီအဖွဲ့ရဲ့ သဘောထားအတိုင်း ရပ်တည်သွားမယ်လို့ ပြောပါတယ်။

ဒီရက်ပိုင်းအတွင်း ကိုးကန့်ဒေသတဝိုက်သာမက မူဆယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ တပ်မတော်နဲ့ တိုက်ပွဲတွေ ပိုပြင်းထန်လာတယ်လို့ ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။