မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရတို့ တေ့ွဆုံပွဲ ရက်ရွှေ့ဆိုင်းရဖွယ်ရှိနေ
2019.05.22

ရက္ခိုင့်တပ်မတော် AA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ လေးဖွဲ့နဲ့ အစိုးရ တပ်မတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC က တာဝန်ရှိသူတွေ ဒုတိယအကြိမ် တွေ့ဆုံမယ့် နေရာ အတည်မပြုနိုင်သေးတာကြောင့် ရက်ရွှေ့ရဖွယ်ရှိတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင်တွေက ပြောပါတယ်။
လုံခြုံရေးအခြေအနေအရ တိုင်းရင်းသားအဖွဲ့တွေက မူဆယ်မြို့မှာတွေ့လိုပြီး အစိုးရဘက်ကတော့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေမှာ တွေ့ဆုံလိုတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်းအောင် က RFA ကို ပြောပါတယ်။ လာမယ့် မေ ၂၄၊ ၂၅ ရက်နေ့တို့မှာ တေ့ွဆုံမယ်လို့ မူလက လျာထားတာဖြစ်ပေမယ့် အခုချိန်ထိ နေရာ အတည်မပြုနိုင်သေးတာကြောင့် ရွှေ့ဆိုင်းရမယ့် အခြေအနေ ဖြစ်နေတာပါ။
ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့က မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့နဲ့ NRPC တို့ ပထမအကြိမ် တွေ့ဆုံရာမှာ တပ်မတော်ဘက်က မပါဝင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်မှာတော့ တပ်မတော်ဘက်က ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေ တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အဆိုပြုထားတာပါ။
ဒါ့အပြင် တိုင်းရင်းသားတွေဘက်ကလည်း ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေသာ တက်ရောက်မှာဖြစ်ပြီး လက်ရှိဟာ ယုံကြည်မှု တည်ဆောက်နေဆဲကာလဖြစ်တာကြောင့် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာသာတွေ့လိုပြီး နေပြည်တော်၊ ရန်ကုန်လိုမြို့ကြီးတွေမှာ တွေ့မယ်ဆိုရင် တရုတ်နိုင်ငံက တာဝန်ရှိသူတွေကိုပါ ဖိတ်ကြားပေးဖို့ တိုင်းရင်းသားအဖွဲ့တွေက တောင်းဆိုထားပါတယ်။
အစိုးရဘက်ကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမှာဖြစ်တဲ့အတွက် ပြည်ပက ပါလာဖို့ မလိုအပ်ဘူးဆိုတဲ့ ပြောဆိုမှုတွေရှိတယ်လို့ ဦးအင်ရှန်ဆန်းအောင် က ပြောပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ကတော့ မြောက်ပိုင်းအဖွဲ့တွေနဲ့တွေ့ဆုံပွဲမှာ တပ်မတော်ဘက်က ဘယ်သူတွေတက်ရောက်မယ်ဆိုတာ လက်ရှိအချိန်အထိ မသိရသေးဘူးလို့ RFA ကို မေလ ၂၁ ရက်နေ့က ပြောထားပါတယ်။
ရက္ခိုင့်တပ်မတော် AA၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ကိုးကန့်တပ်မတော် MNDAA တို့ဟာ အစိုးရနဲ့ တစ်ဖွဲ့ချင်းစီအလိုက် အပစ်ခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးနေကြတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။