မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ရက် ၃ဝ ကြာ အပစ်ရပ်ကြောင်း ထုတ်ပြန်
2019.09.09
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရခိုင့်တပ်တော် AA တို့ လှုပ်ရှားဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တစ်လကြာ အပစ်ရပ်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KIA စခန်း ပစ်ခတ်ခံရပြီး မြစ်ကြီးနားမှာ တပ်မတော်ယာဉ်တန်း လှည့်လည်မှု တွေ့ခဲ့ရပေမယ့် တပ်မတော်ကတော့ ဒါဟာ စစ်ဆင်ရေးနဲ့ ထိုးစစ်အတွက် မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီနေ့ကစလို့ တစ်လကြာကာလအတွင်း တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ပေမယ့် တပ်မတော်က စစ်ဆင်ရေးလှုပ်ရှားတာ၊ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်တာနဲ့ လက်နက်ကြီး အမြောက်အမြားနဲ့ ပစ်ခတ်တာတွေလုပ်မယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ မြောက်ပိုင်း သုံးဖွဲ့ရဲ့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။
တွေ့ဆုံဆွေးနွေးနေကြတဲ့ ကာလမှာ တဖက်နဲ့တဖက် ယုံကြည်မှုတည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က တတ်နိုင်တဲ့အပိုင်းကို စတင်လုပ်ဆောင်လိုက်တာ ဖြစ်တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။
“တွေ့ဆုံဆွေးနွေးညှိနှိုင်းရေးလုပ်ငန်းတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် တဖက်နဲ့တဖက်ကြားမှာ ယုံကြည်မှုတွေရှိလာဖို့အတွက် ကျနော်တို့ဘက်က လုပ်စရာရှိတာတွေကိုလုပ်တာလည်း ဖြစ်တာပေါ့။ ဒါပေမဲ့လို့ ခြွင်းချက်မရှိ အပစ်ရပ်တာမျိုးတော့ မဟုတ်ဘူး။ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်ကို ထပ်ပြီးတော့ ကိုင်စွဲထားတယ်။”
KIA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ၄ ဖွဲနဲ့ တပ်မတော်တို့ကြား နှစ်ဖက်အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရေးနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးလာနိုင်ဖို့အတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ဒီနှစ်အတွင်း တရားဝင် တွေ့ဆုံဆွေးနွေးတာ နှစ်ကြိမ်ရှိခဲ့ပြီး အခုလ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့ တွေမှာ ထပ်တွေ့ကြဖို့ သဘောတူထားပါတယ်။
တပ်မတော်က ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းကစလို့ ကချင်နဲ့ ရှမ်းပြည်နယ်အတွင်းမှာ အပစ်အခတ်ရပ်စဲခဲ့ပြီး ဧပြီလနောက်ပိုင်းကစလို့ KIA တပ်တွေရှိရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေမှာ တပ်မတော်နဲ့ KIA ကြား တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့လို့ ရခိုင့်တပ်တော် AA နဲ့ အစိုးရတပ်မတော်တို့ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို သြဂုတ်လလယ်ကစလို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ AA, TNLA, MNDAA ညီနောင်သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တာပါ။
ဒီနေ့ မြောက်ပိုင်း ၃ ဖွဲ့က အပစ်ရပ်စဲကြောင်း ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးတက်စေမယ့် ကိစ္စမှန်သမျှကို အပြုသဘောမြင်ကြောင်း RFA ကို ပြောပါတယ်။
“နိုင်ငံတော်အစိုးရကော၊ တပ်မတော်ကော ငြိမ်းချမ်းရေးလုပ်ငန်းကို ဦးစားပေးအနေနဲ့ ဆောင်ရွက်နေတာဖြစ် တယ်။ ကျနော်တို့ အပြုသဘောပဲ မြင်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တိုးတက်စေမယ့် ဖြစ်စဉ်မှန် သမျှကို ကျနော်တို့ အပြုသဘောပဲ မြင်ပါတယ်။”
မြောက်ပိုင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အပေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG က ဦးအင်လျန်ဆန်းအောင် ကလည်း အခုလို မှတ်ချက်ပေးပါတယ်။
“ထိုးစစ်ဆင်တဲ့ဟာ ရပ်လိုက်တာ၊ အကောင်းဘက်က အပြုသဘောဆောင်တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”
ဒီအတောအတွင်း မြောက်ပိုင်း လေးဖွဲ့ထဲက တပ်မတော်နဲ့ တိုက်ပွဲတွေရပ်နေတဲ့ KIA ကို အခုလ ၇ ရက်နေ့က တပ်မတော်က လက်နက်ကြီးနဲ့ နှစ်ကြိမ်၊ စက်သေနတ်နဲ့ ၁၇ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ကေအိုင်အေရဲ့ ဖေ့စ်ဘွတ်စာမျက်နှာဖြစ်တဲ့ The Kachin Net က ထုတ်ပြန်ထားပါတယ်။
KIA ရဲ့ တပ်မ ၅ ၊ တပ်ရင်း ၂၄ အဲဒီလို ပစ်ခတ်ခံရတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီသတင်းကို မသိသေးကြောင်း၊ အဲဒီလို ပစ်ခတ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
KIO/KIA ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ပြောတာက
“ကေအိုင်ကေ တပ်စခန်းနဲ့ တပ်မတော်ဘက်ကနဲ့ ကြားမှာ လုံခြုံရေးမိုင်းတွေထောင်ထားတာ။ ညမှာ မိုင်းတွေပေါက်ကွဲတဲ့အသံတွေကြားလာလို့ သူတို့လည်း ထိတ်လန့်ပြီးမှ ပစ်တယ်ဆိုတဲ့သတင်း လည်းဖြစ်ပါတယ်။”
ဒီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရတာမရှိသလို နှစ်ဖက်ညှိနှိုင်းဖြေရှင်းလိုက်ရတဲ့ အခြေအနေလည်း မရှိဘူးလို့ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
ဒီနေ့မှာတော့ ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ တပ်မတော်ရဲ့ သံချပ်ကာကားတွေအပါအဝင် စစ်သုံးမော်တော်ယာဉ်အများအပြားကို တွေ့လိုက်ရပါတယ်။ အဲဒီယာဉ်တန်းဟာ တရားစွဲ ထောင်ချခံထားရတဲ့ စစ်ဘေးဒုက္ခသည် ကချင်လူငယ်နှစ်ဦး လွတ်မြောက်ရေးအတွက် ဆန္ဒပြနေသူရှေ့ကနေ ဖြတ်သန်းသွားခဲ့ကြပါတယ်။
တပ်မတော်ရဲ့ စစ်ယာဉ်တန်း အင်အားပြ ဖြတ်သန်းသွားလာခြင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း KIA စခန်းကို ပစ်ခတ်မှုဆိုတာနဲ့လည်း ဆက်စပ်ဖွယ်ရှိတယ်လို့ ဒေသခံတချို့က ဝေဖန်ကြပါတယ်။
ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က အခုလို ပြောပါတယ်။
“ဒါကတော့ ဒေသခံတွေလည်း မေးကြည့်လိုက်ရင် သိပါတယ်ခင်ဗျ။ ကျနော်တို့က ပုံမှန်မြို့ထဲမှာတော့ လေ့ကျင့်နေကြပါ။ ထူးထူးခြားခြားလေ့ကျင့်တာ မဟုတ်ပါဘူး။ ကျနော်သိသလောက်ကတော့ လစဉ် လေ့ကျင့်နေကြဖြစ်တယ်။ သူတို့ဆန္ဒပြတဲ့အချိန်နဲ့ လေ့ကျင်ချိန်နဲ့ တိုက်ဆိုင်တာ ဖြစ်နိုင်ပါတယ်။ တခြားရည်ရွယ်ချက်မရှိနိုင်ပါဘူး။”
ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် တိုက်ခိုက်မှုတွေရှိနေလို့ အဆင်ပြေမှာမဟုတ်တဲ့အတွက် အခုလို တပ်မတော်ဘက်ကကော တိုင်းရင်းသားတွေဘက်ကပါ အပစ်ရပ်လိုက်တာဟာ လာမယ့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် တိုးတက်တဲ့အပြောင်းအလဲဖြစ်တယ်လို့ နှစ်ဖက်တာဝန်ရှိသူတွေက ပြောကြပါတယ်။
(RFA သတင်းထောက် မဝေမာထွန်း ပေးပို့သည်)