အစိုးရနဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ တွေ့ဆုံနိုင်ဖွယ်ရှိ
2016.12.22

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးဖို့အတွက် နေရာနဲ့ နေ့ရက်ကို ညှိနှိုင်းနေဆဲလို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
အလွတ်သဘောတွေ့ဆုံဖို့ အစိုးရငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ထံ စာပေးပို့ထား ပြီး တွေ့ဆုံနိုင်မယ့် နေရာနဲ့ နေ့ရက်ကိုတော့ မသတ်မှတ်ရသေးဘူးလို့ AA ရက္ခိုင့်တပ်မတော် ဒုတိယစစ်ဦးစီးချုပ်နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ ၄ ဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က ပြောပါတယ်။
"လက်ရှိအချိန်မှာတော့ အစိုးရဘက်က ငြိမ်းချမ်းရေးကော်မရှင်ပေါ့နော်၊ သူတို့ရဲ့ အလွတ်သဘောတွေ့ ဆုံဆွေးနွေးမှု ကမ်းလှမ်းချက်အပေါ်မှာ ဘယ်နေ့တွေ့ရင်ကောင်းမလဲ ဆိုတာမျိုးက လောလောဆယ် ညှိနေကြ တုန်းပဲရှိသေးတယ်၊ ပထမတော့ ဒီဇင်ဘာလ ၁၉ ရက်နေ့လောက်မှာ တွေ့မယ်ဆိုပြီးတော့ ကျနော်တို့ စဉ်းစား ထားခဲ့တယ်၊ ဒီနောက်ပိုင်းမှာတော့ သူတို့ဘက်က ၁၉ ရက်နေ့ကို နည်းနည်နောက်ဆုတ်လိုက်ပြီးတော့ အဲဒီနောက်ပိုင်းမှာပဲ တွေ့ရအောင်ဆိုတော့ ဒီနေ့ထက်ထိတော့ ဘယ်နေ့တွေ့ကြမလဲ ဆိုတဲ့ဟာကိုတော့ အကြောင်းမကြားသေးဘူး"
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ် စားလှယ်နဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ ၄ ဖွဲ့တို့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ တရုတ် - မြန်မာ နယ်စပ်ဒေသတွေက တိုက်ပွဲတွေ ရပ်တန့်ရေးနည်းလမ်းရှာဖို့ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Sun Guoxiang က တရုတ်မြန်မာ နယ်စပ်ဒေသ တည်ြငိမ်အေးချမ်းရေးကိုလိုလားပြီး ပြဿနာတွေကို ပြေပြေလည်လည် ညှိနှိုင်းတဲ့နည်းနဲ့ ဖြေရှင်းကြဖို့ ပြောခဲ့သလို တဖက်ဖက်ကို ဖိအားပေး ဘက်လိုက်တဲ့နည်းကို မသုံးဘဲ ကြားနေတဲ့သဘောမျိုး ဆွေးနွေးခဲ့တယ်လို့ ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။
တပ်မတော်က တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ဆင်မှုတွေ ရပ်တန့်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်စဲရေး ကြေညာရင် ငြိမ်ချမ်းရေးလမ်းစရှိတယ်လို့ မဟာမိတ်အဖွဲ့တွေက ဆွေးနွေးခဲ့ကြောင်း ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။
နှစ်ခြောက်ဆယ်ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးကို မငြိမ်းသတ်နိုင်ရင် အိမ်းနီးချင်းနိုင်ငံတွေကိုပါ ဂယက်ရိုက်ခတ်စေပြီး အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေး တည်ငြိမ်ရေးကို ထိခိုက်စေနိုင် တယ်လို့ ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် က ပြောပါတယ်။