နိုင်ငံရေးဆွေးနွေးဖို့ ဆန္ဒရှိကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
2018.12.12

မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရတပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်တန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းကနေ နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ TNLA၊ AA နဲ့ MNDAA အဖွဲ့တွေက ဆန္ဒရှိကြောင်း အဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။
တရုတ်နိုင်ငံ ကူမင်းမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၃ ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဒီနေ့ တွေ့ဆုံပွဲအပြီးမှာ TNLA၊ AA နဲ့ MNDAA အဖွဲ့တွေ ပူးပေါင်းပြီး ကြေညာချက် ထုတ်လိုက်တာဖြစ်ပါတယ်။
၂၁ ရာစု ပင်လုံညီလာခံလို ပြည်ထောင်စုအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ပါဝင်ဆွေးနွေးခွင့်ရနိုင်မယ့် လမ်းကြောင်းတွေကို ဒီနေ့ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြပေမယ့် နှစ်ဖက်သဘောတူ ဆုံးဖြတ်ခဲ့တာတော့မရှိသေးကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က RFA ကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ကော်မရှင် တာဝန်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။
နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အခုလို မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က တိုက်ပွဲတွေ ရပ်ဆိုင်းပြီး နိုင်ငံရေးဆွေးနွေးပွဲလမ်းကြောင်းကနေ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်သွားနိုင်ရေး ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသွားမှာဖြစ်ကြောင်း သူ့ရဲ့ ဆိုရှယ်မီဒီယာ Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
ဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ အတွင်းရေးမှူး အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ AA အဖွဲ့က ဒေါက်တာ ညိုထွန်းအောင်၊ ကိုးကန့်က ဒု ဥက္ကဋ္ဌ ရန်ဝေကျုံးတို့ ဦးဆောင်တက် ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ KIO နဲ့ “ဝ” အဖွဲ့က ကိုယ်စားလှယ်တွေလည်း သက်သေအနေနဲ့ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဒီဇင်ဘာလဆန်းပိုင်းကစပြီး ရက္ခိုင့်တပ်မတော် AA နဲ့ အစိုးရတပ်တို့ဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စတွေကိုတော့ ဆွေးနွေးခဲ့တာမရှိဘူးလို့လည်း ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။
ဒ်ီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။