စစ်ဆင်ရေး တတိယနေ့မှာ တပ်စခန်းခုနစ်ခု ထပ်သိမ်းနိုင်ခဲ့တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ပြော
2023.10.29

တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းစစ်ရေးလုပ်နေတဲ့ ၁၀၂၇ စစ်ဆင်ရေး တတိယနေ့မှာ စစ်ကောင်စီတပ်စခန်း ခုနစ်ခုကို သိမ်းနိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က အောက်တိုဘာလ ၂၉ ရက် ဒီကနေ့ နေ့လယ်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ ဒီကနေ့မနက် လေးနာရီမှာ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)တပ်မဟာ ၂ ဒေသဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းရွာ စစ်ကောင်စီတပ်စခန်းကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါ့အပြင် သိန္နီရဲစခန်း၊ မာချီနော့ စစ်ကောင်စီတပ်စခန်း၊ လားရှို့းမြို့ အရှေ့ဘက်အခြမ်းက စစ်ကောင်စီတပ်စခန်းနှစ်ခု၊ ချင်းရွှေဟော်မြို့နယ်က ဟာခုတ်ကိုက် စစ်ကောင်စီတပ်စခန်းနဲ့ မုံးကိုးခရိုင်က နမ်ယမ် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းဆည်းထားတယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မန္တလေးတိုင်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းရွာအနီးမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စခန်းသိမ်းတိုက်ပွဲတွေရဲ့ နှစ်ဖက်ထိခိုက်မှုကိုတော့ အသေးစိတ် မဖော်ပြထားပါဘူး။
ဒီနေ့မနက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်တာကြောင့် လောက်ကိုင်မြို့နယ်ထဲက မာလီလင့်ရွာမှာ နေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့သလို ကွမ်းလုံးမြို့နယ်က ညိုဖျင်စီးပါးရွာမှာလည်း နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၈ ရက်ညနေအထိ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ ၁၀၂၇ စစ်ဆင်ရေးစပြီး ၂၄ နာရီအတွင်း စစ်ကောင်စီ တပ်စခန်း ၄၀ ကျော်ကိုသိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွမ်းလုံနဲ့ လားရှိုးမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့ပြီး ချင်းရွှေဟော် ဖောင်ဆိပ်နဲ့ တာပါးတံတား ကင်းစခန်းက ရဲနဲ့ တပ်မတော် တပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးခဲ့တယ်လို့ ပြည်တွင်း မီဒီယာတချို့ကို အောက်တိုဘာလ ၂၇ ရက်ဖြေဆိုထားပါတယ်။
မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ရက္ခိုင့်တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) ကို ကြေညာပြီး လားရှိုးမြို့ အပါအဝင် ကွမ်းလုံ၊ သိန္နီ၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့မြို့ကြီးတွေက စစ်ကောင်စီ တပ်စခန်းတွေကို အောက်တိုဘာ ၂၇ ရက် မနက် ၄ နာရီကစပြီး ဝင်တိုက်ခဲ့တာပါ။
၁၀၂၇ စစ်ဆင်ရေးမှာ MNDAA၊ TNLA နဲ့ AA တို့အပြင် မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော် MDY-PDF၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)တို့က ပူးပေါင်းပါဝင်နေပါတယ်။