ရှမ်းမြောက်က တိုက်ပွဲတွေကြား နှစ်ရက်အတွင်း အရပ်သား ခြောက်ဦးသေဆုံး

RFA Burmese
2023.11.03
ရှမ်းမြောက်က တိုက်ပွဲတွေကြား နှစ်ရက်အတွင်း အရပ်သား ခြောက်ဦးသေဆုံး သိန္နီမြို့အဝင်တစ်နေရာကို ၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက တွေ့ရစဉ်။
Photo: RFA

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၂ ရက်နေ့အထိ နှစ်ရက်အတွင်း သိန္နီနဲ့ မူဆယ်မြို့နယ်တွေမှာ ကလေးနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ခြောက်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူဆယ်မြို့နယ် မူဆယ်-မန္တလေး လမ်းပေါ်က နမ့်ခွန်ရွာမှာ လက်နက်ကြီးနဲ့ လေကြောင်းရန်ကြောင့် ဗုံးခိုကျင်းထဲ ပုန်းရှောင်နေစဉ် ဗုံးခိုကျင်းပြိုကျလို့ သေဆုံးခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ သားဖြစ်သူ အသက် ၁၂ အရွယ် ကလေးတစ်ဦးတို့ ရုပ်အလောင်းတွေကို နိုဝင်ဘာလ ၂ ရက်နေ့မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သိန္နီမြို့နယ်မှာတော့ နိုဝင်ဘာလ ၁ ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အရပ်သားလေးဦး သေဆုံးခဲ့တာလို့ဆိုပါတယ်။

သိန္နီ-ကွမ်းလုံ လမ်းခွဲအနီးမှာ နေထိုင်တဲ့ အသက် ငါးဆယ်ကျော်အရွယ် ဒေါ်နန်းစော၊ အသက် သုံးဆယ်အရွယ် မနန်းအေးလှိုင်၊ နမ့်စလပ်ရွာက အသက် ငါးဆယ်အရွယ် ဦးစိုင်းစိုးနဲ့ နောက်ထပ် အမည်မသိရသေးတဲ့ အသက် နှစ်ဆယ်ကျော်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲမှုမှာ စစ်ကောင်စီတပ်ရဲ့ အမှတ်တံဆိပ်ပါတဲ့ လက်နက်ကြီးကျည် အပိုင်းအစတွေကို တွေ့ရတယ်လို့ သိန္နီမြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFAကို ပြောပါတယ်။

“တိုင်းရုံးဘက်က ပစ်တာ ဟုတ်တယ်။ ဘာလို့ဆိုရင် လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့ နေရာတွေမှာ အပိုင်းအစတွေ ကျန်နေခဲ့တယ်။ ဒါတွေက စစ်ကောင်စီ လက်ချက်ဆိုတဲ့ သက်သေပေါ့။ သေသွားတဲ့ ဒေသခံလေးဦးစလုံးက နေရာမှာတင် ပွဲချင်းပြီး ဆုံးကြတာ”

အောက်တိုဘာ ၂၉ ရက်နေ့ကလည်း သိန္နီမြို့နယ်အတွင်းက ခူးဝိန်းရွာနဲ့ တိုင်ယက်ရွာတို့မှာ လက်နက်ကြီး သုံးလုံးထက်မနည်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဒေသခံ နှစ်ဆယ်နီးပါးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သူက ဆိုပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့်လည်း သိန္နီမြို့ခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့ရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေကို နိုဝင်ဘာလ ၁ ရက်နေ့ ကတည်းက လိုအပ်တဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတယ်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်က RFA ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက ဆန်၊ ဆီ၊ ဆားနဲ့ ပဲအပြင် ငွေပါ ထောက်ပံ့ပေးနေပါတယ်။ တိုက်ပွဲရှောင် အရေအတွက်ကတော့ အတိအကျ မရှိဘူး။ ဘာလို့ဆို လူစာရင်းက တိုးလာလိုက် လျော့လာလိုက် ဖြစ်နေလို့ပါ”

လက်နက်ကြီး ပစ်ခတ်မှုတွေနဲ့ ပတ်သက်လို့တော့ ဦးခွန်သိန်းမောင်က တစ်စုံတစ်ရာ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ မြောက်ပိုင်း ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာလ ၃ ရက် ဒီနေ့အထိ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုက်ပွဲတွေအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား သေဆုံးသူ ၁၇ ဦးထိ ရှိလာပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။