ရှမ်းပြည်နယ် မြောက်ပိုင်း နေရာ အနှံ့တိုက်ပွဲများဖြစ်ပွား
2015.09.18

ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်ဖွဲ့တွေအကြား နေရာအနှံ့ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။
အခု စက်တင်ဘာလ စောစောပိုင်းကတည်းက ကေအိုင်အို တပ်မဟာ ၄ ဒေသ မုံးကိုးမြို့နယ်အတွင်းရှိတဲ့ တပ်ရင်း ၃၆ လှုပ်ရှားနေတဲ့နယ်မြေမှာ မနေ့က ညအထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ တပ်မဟာ ၄ ဒေသမှာလဲ နေရာအနှံ့ တိုက်ပွဲတွေဖြစ်နေတယ်လို့ တပ်မဟာ ၄ တပ်မှူး ဗိုလ်မှုးကြီးဇော်ရော် က ပြောပါတယ်။
"တစ်ပတ်လောက်ရှိပါပီ ကြီးကြီးကျယ်ကျယ် ထိုးစစ်ဆင်တာ တပ်ရင်း ၃၆ မုန်းကိုး ဧရိယာပေါ့ နောက်ဆုံးအခြေအနေက ရင်ဆိုင် တိုက်ပွဲ ရှေ့မှာရောက်နေတယ် လေယာဉ်ကတော့ မနေ့က တက်လာတယ် ဒါပေမဲ့ အဲဒီမှာ မရောက်ဖူး ပြန်ဆင်းသွားတယ်။ လက်နက်ကြီးတွေ ကတော့ တော်တော်များသုံးနေကြတယ် သူက အဲဒီမှာ တနေရာတည်းဖြစ်တာမဟုတ်ပဲ ကချင်ဘက်မှာတွေ တပ်ရင်း ၁၂ မှာလဲ ဆက်တိုက်ဖြစ်နေ တယ် ဆက်တိုက်ထိုးနေကြတယ် ၃၄ ဘက်မှာလဲ ဖြစ်တယ် တပ်ရင်း ၉ မှာလဲ ဖြစ်တယ်"
တိုက်ပွဲမှာ အစိုးရတပ်ကရော ကေအိုင်တပ်ကပါ ထိခိုက်ကျဆုံးတာတွေ ရှိပေမဲ့ သူ့အနေနဲ့ အသေးစိတ်မသိရသေးဘူးလို့ပြောပါတယ်။ ဘာ့ကြောင့် အစိုးရတပ် က အဲဒီနေရာကို အပြင်းအထန် တိုက်ခိုက်နေရတာလဲ လို့ RFA ဆက်လက် မေးမြန်းတဲ့အခါမှာ
"နယ်မြေစိုးမိုးရေးဆိုတာ သူတို့ရဲ့မဟာဗျူဟာပဲ ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့နေရာမှာ NCA ပြင်ဆင်နေတဲ့ ကာလမှာ သူတို့က တပ်ကနေပြီးတော့မှ ဦးနိုင်တဲ့နေရာ ဦးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် အဲလို တကြောင်းယူဆတာပေါ့"
ကေအိုင်အိုနဲ့ အစိုးရအကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ် ထိုးခဲ့ကြပီး ၂ဝ၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ အခု အချိန်ထိ ဖြစ်ပါတယ်။