လွတ်လပ်ရေးကွင်းမှာ ဗိုလ်ချုပ်ကို အလေးပြုခွင့် မရ
2014.02.13
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့က လွတ်လပ်ရေးကျောက်တိုင်မှာ ဒီနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲ ကျင်းပဖို့ မြို့ခံလူငင်တွေက ခွင့်တောင်းရာမှာ ရွှေကျင်မြို့နုယ် အုပ်ချုပ်ရေးမှူးက ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။ ရွှေကျင်မြို့ လွတ်လပ်ရေးကျောက်တိုင်ကို အလေးပြုတဲ့သူ မည်သူကိုမဆို ဖမ်းဆီးမယ်လို့ မနေ့ညက ရွှေကျင်မြို့မှာ အသံချဲ့စက်နဲ့ လိုက်လံကြေညာခဲ့တယ်လို့ ဗိုလ်ချုပ်မွေးနေ့ ကျင်းပဖို့စီစဉ်တဲ့ မြို့ခံ ကိုရာဇာက ပြောပါတယ်။
“ဗိုလ်ချုပ်မွေးနေ့ကို စာပေဟောပြောပွဲတွေ အမြဲတမ်းလုပ်နေတဲ့ လွတ်လပ်ရေးကျောက်တိုင်မှာ ဘုန်းကြီးငါးပါး ဆွမ်းကပ်ပြီး ဒါနပြုမယ်ဆိုပြီးတော့ မြို့နယ်ကို စာတင်တယ်ခင်ဗျ၊ စာတင်တဲ့ အခါကျတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ဆွေဝင်းက ကျနော်တို့ကိုခေါ်ပြီးတော့ အဲဒီလွတ်လပ်ရေးကျောက်တိုင်မှာ လုပ်ရအောင် ဗိုလ်ချုပ်နဲ့ ကျောက်တိုင်နဲ့ ဘာပတ်သက်လို့လဲ၊ လုပ်စရာမလိုဘူးကွာတဲ့၊ အဲဒီကျောက်တိုင်က ဘယ်အဖွဲ့အစည်း ဘယ်ပါတီကမှလည်း မပိုင်ဘူးကွာ၊ ငါပိုင်တာကွာ၊ ငါခွင့်မပြုဘူးဆိုပြီး ကျနော်တို့ကို ပြောတယ်ဗျ၊ မနေ့က နေ့လယ်ကစပြီးတော့ ရွှေကျင် လွတ်လပ်ရေးကျောက်တိုင်ကြီးကို ဝင်ပေါက်ထွက်ပေါက်တွေ အားလုံးကိုလည်း ပိတ်ပစ်လိုက်တယ် ခင်ဗျ၊ မနေ့ကညရယ်၊ တနေ့ကညရယ် မြို့ထဲကိုပတ်ပြီးတော့ လွတ်လပ်ရေးကျောက်တိုင်ကို အလေးမပြုရဘူး၊ မည်သူမှ မလာရဘူး၊ တကယ်လို့ လွတ်လပ်ရေး ကျောက်တိုင်နားကို အလေးပြုဖို့ လာခဲ့မယ်ဆိုင်ရင် မည်သူမဆို ဖမ်းဆီးအရေးယူမယ်ဆိုပြီး မြို့ထဲမှာလိုက်ကြေညာတယ်”
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ကျင်းပခွင့်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်လောက်က မြို့နယ်အုပ်ချုပ်ရေးမှူးဆီ တောင်း ခံထားတာဖြစ်ပြီး ရွှေကျင်မြို့နယ်မှာ ပထမဆုံးအကြိမ် ဗိုလ်ချုပ်မွေးနေ့ကျင်းပဖို့ စီစဉ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ မူလက လွတ်လပ်ရေးကျောက်တိုင်မှာကျင်းပဖို့ ပြင်ဆင်ခဲ့တဲ့ ပဲပြုတ်နဲ့ နံပြားတွေကို တစ်အိမ်တက် တစ်အိမ်ဆင်း လိုက်လံဝေငှခဲ့ကြောင်း သိရပါတယ်။