ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၂၀ ကျော်မှာ Covid လူနာပေါင်း တစ်ထောင်ကျော်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ တစ်လအတွင်း Covid-19 အတည်ပြုလူနာပေါင်း ၁၀ ယောက် သေဆုံးခဲ့ပြီး ဇူလိုင် ၂ ရက်နေ့အထိ ရှမ်းပြည်မြာက်ပိုင်းက မြို့နယ်ပေါင်းနှစ်ဆယ်ကျော်မှာ ပိုးတွေ့လူနာပေါင်း တစ်ထောင့်ငါးရာကျော်အထိ ရှိနေပြီး နောက်ထပ် စစ်ဆေးမှုတွေအရ ဆိုရင် ပိုးတွေ့လူနာတွေ ထပ်တိုးလာနိုင် တယ်လို့ ပရဟိတလုပ်ပေးနေသူတွေက ပြောကြပါတယ်။
လားရှိုးမြို့မှာ ဇွန်လ ၈ ရက်နေ့ကစပြီး ဇူလိုင် ၅ ရက် ဒီကနေ့အထိ Covid-19 ကြောင့် သေဆုံးနှုန်းတွေ မြင့်နေ သလို ပိုးတွေ့အတည်ပြုလူနာတွေလည်း တစ်နေ့ထက်တစ်နေ့ တွေ့ရှိနှုန်းမြင့်နေတယ်လို့ လားရှိုးမြို့ အခြေစိုက် ပေးသောလက်ပရဟိတအသင်းက ကိုမြင့်မော်က ပြောပါတယ်။
ဒီကနေ့ လားရှိုးမြို့ ရပ်ကွက် (၇) က အသက် ၄၇ နှစ်အရွယ် အစ္စလာမ်ဘာသာဝင် ကျောင်းဆရာမတစ်ဦး COVIDE-19 နဲ့ သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၄ ရက်နေ့ မနေ့ကလည်း အတည်ပြုလူနာတစ်ဦးနဲ့ သံသယလူနာ တစ်ဦးသေဆုံးခဲ့ပါတယ်။
ဒီထဲမှာ ကိုဗစ်သံသယနဲ့ သေဆုံးသူတွေ ရုတ်တရက် အမောဖောက်လို့ သေဆုံးခဲ့သူတွေ မပါသေးဘူးလို့လည်း ဆိုပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ အသက်ကြီးသူတွေ ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစ ကလေးတွေ ဆီးချိုရောဂါနဲ့ တခြားရောဂါအခံရှိသူတွေ ပါဝင်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမြို့နယ်တွေထဲက လားရှိုး၊ နောင်ချို၊ တန့်ယန်း၊ ကျောက်မဲ၊ နမ့်ခမ်း၊ မူဆယ်၊ နမ္မတူ မြို့နယ်တွေမှာ ပိုးတွေ့လူနာတွေ တိုးလာသလို အတည်ပြုလူနာတွေထဲက သီးသန့်သေဆုံးမှုက နှစ်ဆယ် ကျော်အထိ ရှိနေတာပါ။ သံသယနဲ့ သေဆုံးသူတွေနဲ့ပါဆိုရင် လေးဆယ်ကျော်အထိ ရှိတယ်လို့ ပရဟိတ အသင်းတွေကနေ သိရပါတယ်။
ဒီစာရင်းတွေဟာ သက်ဆိုင်ရာကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ထားတာ မဟုတ်ဘဲ မြို့နယ်အသီးသီးမှာရှိတဲ့ ကိုဗစ်ရောဂါအတွက် ကူညီပေးနေတဲ့ လူမှုကူညီရေး အသင်းတွေက ပြုစုထားတဲ့ စာရင်းတွေအပေါ် အခြေခံပြီး ကောက်ယူထားတာဖြစ်ပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက မြို့နယ်တွေမှာ ကိုဗစ်ရောဂါပိုးရှိသူနဲ့ ဆက်စပ်ခဲ့သူတွေကို တနင်္လာ ကနေ သောကြာ နေ့အထိ COVID စင်တာတွေဖွင့်ထားပြီး နှာခေါင်း၊ အာခေါင် တို့ပတ်ယူပြီး စစ်ဆေးပေးနေပါတယ်။