ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုအပေါ် မန္တလေးမြို့ပေါ်က တုံ့ပြန်မှုများ

ခေမဏီဝင်း
2020.01.29

တရုတ်နိုင်ငံက စတင်ပြန့်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ဟာ နိုင်ငံအချို့ကို ကူးစက်ပျံ့နှံ့နေပြီး အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနေတဲ့အတွက် မန္တလေးမြို့ကို တရုတ်နိုင်ငံသား ဧည့်သည်တွေ ထပ်ရောက်လာမှာကို မန္တလေးမြို့ဒေသခံတွေ စိုးရိမ်နေပါတယ်။

အမရပူရမြို့နယ်၊  မဟာဂန္ဓာရုံကျောင်းတိုက်ကို နေ့စဉ် ဇီရိုးဘတ်ဂျက်နဲ့လာတဲ့ တရုတ်နိုင်ငံသား တစ်ထောင်ခန့် လာရောက်လေ့လာတတ်သူတွေထဲ ရောဂါပိုးရှိသူပါလာပြီး ကူးစက်ခံရမှာကို ကျောင်းတိုက်က သံဃာတော်တွေက စိုးရိမ်နေပါတယ်။

နိုင်ငံခြားသားဧည့်သည်တွေလာရင် လိုက်နာရမယ့် စည်းကမ်းချက်တွေရှိတယ်လို့ မဟာဂန္ဓာရုံ ကျောင်းတိုက်က ဆရာတော် အရှင်ကေလာသက မိန့်ပါတယ်။

“ဒီကာလက မလာလေကောင်းလေပဲ၊ မလာလေကောင်းလို့ပဲ ပြောနိုင်တာပေါ့၊  မောင်းထုတ်လို့လည်း မရ၊ သူတို့ သိဖို့ကောင်းတာပေါ့၊ တရုတ်ဆိုတဲ့ ဧည့်သည်ကလည်း  ဥရောပသားနဲ့ မတူဘူး"

ဒီရောဂါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာကတည်းက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဖြစ်ပွားနေတာဖြစ်ပြီး အခုအချိန်မှာတော့ အခြားနိုင်ငံတွေကိုပါ ကူးစက်ပျံ့နှံ့လာနေပါပြီ။

ဒါကြောင့် တစ်ပတ်ကို နှစ်ကြိမ် ဝူဟန် - မန္တလေးမြို့ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေနဲ့ တခြားခရီးစဉ်တချို့ကို ဒီရက်ပိုင်းမှာ ရပ်နားထားတယ်လို့ မန္တလေးတိုင်း လေကြောင်းပို့ဆောင်မှု ညွန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး) က လေဆိပ်တာဝန်ခံအရာရှိ ဦးထွန်းလင်းအောင်က ခရီးစဉ်တွေ ရပ်နားရတဲ့အခြေအနေကို ပြောပါတယ်။

“လိုင်းတစ်လိုင်းနဲ့တစ်လိုင်း ပျံသန်းတဲ့ရက်တွေက မတူဘူး၊ နောက်ဆုံးရက်အထိ ဖျက်သိမ်းထားတယ်”

ခရီးစဉ် ရပ်ဆိုင်းလိုက်တဲ့အတွက် သောင်တင်နေတဲ့ ဝူဟန်မြို့က ခရီးသည် ၇၃ ယောက်ကို တရုတ်အစိုးရက မနေ့ညက အထူးလေယာဉ်နဲ့ လာရောက်ခေါ်ဆောင်သွားပါတယ်။

လာခေါ်တဲ့ လေယာဉ်ဟာ China Eastern Airlines ကဖြစ်ပြီး ရှန်ဟိုင်းကနေတဆင့် မန္တလေးမြို့ တံတားဦးလေဆိပ်ကို ညပိုင်းမှာရောက်ရှိကာ တရုတ်ခရီးသည် ၇၃ ယောက်ကို ခေါ်ဆောင်ပြီး ဝူဟန်မြို့ကို ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

ပြန်ဖို့အခက်အခဲဖြစ်နေတဲ့ တရုတ်ခရီးသည်တွေဟာ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို အကူအညီတောင်းခဲ့တယ်လို့ သိရပါတယ်။

မန္တလေးဟာ  တရုတ်နိုင်ငံသားတွေ ဝင်ရောက်မှုများတဲ့ မြို့ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်နှစ်သစ်ကူး ကာလဖြစ်တဲ့အပြင် အခုရက်ပိုင်း လေကြောင်းခရီးစဉ်တချို့ ဖျက်လိုက်တာကြောင့် တရုတ်ဧည့်သည် ဝင်ရောက်မှုနည်းလာနေပြီး သူတို့ကို ပစ်မှတ်ထားရောင်းချတဲ့ ဈေးသည်တွေ ဈေးအရောင်းပါးနေပါတယ်။

ဦးပိန်တံတားမှာ အချဉ်ပေါင်းရောင်းချနေတဲ့ မသိဂီဝေက ပြောပါတယ်။

“တရုတ်တွေမလာတော့ ကိုယ်တွေလည်း ဈေးရောင်းပါးနေတာပေါ့၊ လာလည်း  အရင်လို မဟုတ်တော့ဘူး၊ သူများတွေပြောတာတော့ မျက်လုံးကနေကူးတာတဲ့၊ နှာခေါင်းစည်းတွေ တအားရောင်းရတယ်။ ဟိုနားမှာတော့ ချိတ်ထားတယ်၊ ဘာလဲတော့ မသိဘူး"

ဖြစ်ပွားနေတဲ့ ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တရုတ်လူမျိုးတွေ ဝင်ရောက်မှုများတဲ့ မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းက ကျောက်စိမ်းရောင်းချနေသူအချို့ ဒီရောဂါနဲ့ပတ်သက်ပြီး ကာကွယ်ရမယ့်နည်းလမ်းကို သူတို့ဘယ်လိုသိထားပါသလဲ။

မဌေးဌေးလင်း ပြောတာက-

“ပြောသံကြားတာကတော့ နှာခေါင်းစည်း အုပ်ခိုင်းထားတာပေါ့၊ မျက်မှန်တပ်ခိုင်းတာတို့  အဲလိုလောက်ပဲသိတာ" လို့ ပြောပါတယ်။

မသူဇာအောင် ပြောတာက-

“ကျန်းမာရေးလိုက်စားတော့ မဖြစ်သင့်တာမဖြစ်အောင်တော့ ကာကွယ်ထားတာပေါ့၊ နှာခေါင်းစည်းကတော့ မတပ်ဖြစ်ပါဘူး" လို့ ပြောပါတယ်။

တရုတ်ကို ရောက်ရှိနေတဲ့သူတွေကိုလည်း နိုင်ငံအသီးသီးက ပြန်ခေါ်နေကြတဲ့အတွက်  မြန်မာအစိုးရ အနေနဲ့လည်း  ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ အစိုရဝန်ထမ်းအများဆုံး ပါဝင်တဲ့အဖွဲ့ကို ဒီရက်ပိုင်း မန္တလေးကို ပြန်ခေါ်မယ်လို့ မန္တလေးတိုင်းဒေသကြီးအတွင်း အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေး စောင့်ကြည့်စစ်ဆေး ကုသရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာရဲလွင် (မန္တလေးမြို့တော် စည်ပင်သာယာရေး- ဝန်ကြီး) က ဒီကနေ့  မန္တလေးတိုင်း အစိုးရရုံးမှာ ပြောပါတယ်။

“အရမ်းကြီး မစိုးရိမ်ပါနဲ့၊ အထိုက်အလျောက်ပဲ စိုးရိမ်ပါ၊ တာဝန်ရှိတဲ့သူတွေကတော့ ပြတ်ပြတ်သားသားကို အလုပ်လုပ်မှရမယ်”

ဒီမိုကရေစီနိုင်ငံမှာ ပြည်သူတွေကို  သဘာဝဘေးအန္တရာယ်တွေ၊ ကပ်ရောဂါတွေကနေ အစွမ်းကုန် ကာကွယ်ပေးရမှာ ဖြစ်သလို ဒါဟာ အစိုးရကောင်းတစ်ရပ် ဖြစ်၊ မဖြစ်ဆိုတာကို တိုင်းတာတဲ့စံနှုန်းလို့ ပြောနိုင်ကြောင်း မန္တလေးတိုင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။

“အစွမ်းကုန် ကာကွယ်ပေးဖို့က အစိုးရတိုင်း တာဝန်ဖြစ်သလို၊ နိုင်ငံသားတွေကို အစိုးရက ဘယ်လောက် အလုပ်လုပ်နိုင်လဲ၊ စေတနာထားနိုင်လဲဆိုတာ တိုင်းတာနိုင်ပါတယ်"

မန္တလေးတိုင်းအတွင်းမှာ ရောက်ရှိနေထိုင်သွားလာခဲ့တဲ့ ဝူဟန်မြို့က ခရီးသွား ၇၃ ဦးကို မန္တလေးလေဆိပ်ကနေ မနေ့ည (၂၈) နေ့က တရုတ်အစိုးရအစီစဉ်နဲ့ ပြန်ခေါ်သွားပြီးဖြစ်လို့ သူတို့သွားခဲ့တဲ့နေရာတွေကို မှတ်သားထားပြီး ဖြစ်လို့ ကျန်းမာရေး လမ်းညွန်ချက်တွေနဲ့အညီ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ယာယီ ဝန်ကြီးချုပ်က ပြောပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၂ ယောက်ရှိပြီဖြစ်ပြီး ရောဂါကူးစက်ခံရသူ  ၅၉၇၄ အထိရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။