ကိုရိုနာဗိုင်းရပ်စ်နဲ့ ပြည်သူတွေရဲ့စိုးရိမ်သောက

နေမျိုးထွန်း
2020.01.31

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်လိုက်ရတဲ့အထိ ဖြစ်လာချိန်မှာ ဗိုင်းရပ်စ် အစပြုပေါ်ပေါက်ရာ တရုတ်နိုင်ငံနဲ့ အိမ်နီးချင်းဖြစ်နေရတဲ့ မြန်မာနိုင်ငံမှာလည်း ပိုပြီးကူးစက်မှုမဖြစ်အောင် သတိထား တားဆီးကာကွယ်ရမယ့် အခြေအနေဖြစ်လာပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နိုင်ငံတကာအရေးပေါ် အခြေအနေအဖြစ် မနေ့က သတ်မှတ်ကြေညာလိုက်ပါတယ်။

ဒီဗိုင်းရပ်စ် အဆုပ်ရောင်ရောဂါကြောင့် တရုတ်ပြည်မှာ ဒီကနေ့ ညနေပိုင်းအထိ သေဆုံးသူ အနည်းဆုံး ၂၁၃ ဦးရှိပြီး ကမ္ဘာတဝန်း ကူးစက်သူ ၉၈ဝဝ ကျော်ရှိလာတဲ့ချိန်မှာ WHO က အခုလို ကြေညာလိုက်တာပါ။

ကူးစက်ခံရတဲ့ နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ ဒီဗိုင်းရပ်စ်တွေ့ရှိသူ ၁၄ ဦး ရှိတဲ့အတွက် အများဆုံးဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ ကူးလူးဆက်ဆံမှု အလွန်များတဲ့ မြန်မာနိုင်ငံမှာ တရားဝင်စာရင်းတွေအရ ဒီဗိုင်းရပ်စ်ကူးစက်သူ မရှိသေးပေမယ့် ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့  ညွှန်ကြားရေးမှူးချုပ် မစ္စတာ ဂယ်ဘရိုက်စပ်က အခုလို အရေးပေါ်အခြေအနေ ကြေညာရတဲ့ အဓိကအချက်က ကျန်းမာရေးစနစ်အားနည်းတဲ့ တခြားနိုင်ငံတွေကို ဒီဗိုင်းရပ်စ်ကူးစက် ပြန့်ပွားခဲ့ရင် မနိုင်မနင်းဖြစ်မှာကို စိုးရိမ်ရတဲ့အတွက်လို့ ပြောပါတယ်။

ဒါ့အပြင် လတ်တလောမှာ တရုတ်နဲ့ နယ်နမိတ် ဆက်စပ်နေတဲ့နိုင်ငံတွေ အထူးသတိထားဖို့ လိုကြောင်းလည်း ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ နယ်နမိတ်ဆက်စပ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ခံ ကိုဇော်မင်းဦးကတော့ နယ်စပ်ဒေသဟာ တရုတ်နိုင်ငံဘက်ကို ဝင်ထွက်သွားလာလုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ရှိနေတာကြောင့် ကူးစက်ပြန့်ပွားမှု အလားအလာ ပိုများနိုင်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံနဲ့ ထိစပ်နေတဲ့ ရုရှား၊ မွန်ဂိုးလီးယား၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေဟာ နယ်စပ်ဂိတ်တွေ ပိတ်ထားသလို နိုင်ငံအများအပြားကလည်း တရုတ်လေကြောင်းလိုင်း ခရီးစဉ်တချို့ကို ယာယီပိတ်ထားကြပေမယ့် မြန်မာနိုင်ငံကတော့ အဲဒီလို အခြေအနေ မရှိသေးပါဘူး။

မန္တလေးမြို့ခံ ကိုစန်းယုကျော်ကတော့ မန္တလေးမြို့ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ တိုက်ရိုက်ပျံသန်းနေတဲ့ လေကြောင်းလိုင်းလည်း ရှိနေတာကြောင့် တခြားမြို့တွေ ပိုပြီးဂရုစိုက် စစ်ဆေးသင့်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံကနေ ရန်ကုန်လေဆိပ်ကို ဒီကနေ့ China Southern လေကြောင်းလိုင်းနဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသားတစ်ဦးကို ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦးအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံးမှာ စောင့်ကြည့်ကုသနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောပါတယ်။

ခရီးစဉ်မှာ ပါလာတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကို ကိုယ်ပူဖျားနာခြင်း မရှိပေမယ့် သူတို့နှစ်ယောက်ကိုလည်း ဆေးရုံမှာစစ်ဆေး စောင့်ကြည့်တယ်လို့ ကျန်းမာရေးဌာနက ဆိုပါတယ်။

လေယာဉ်ခရီးသည် လူနာဆီကရတဲ့ အချက်အလက်တွေကို ထိုင်းနိုင်ငံရှိ ဓာတ်ခွဲခန်းကို ပို့ဆောင်စစ်ဆေးသွားပြီး ကိုရိုနာဗိုင်းရပ်စ် ဟုတ်မဟုတ် အတည်ပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံတကာ အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေညာချိန်မှာ မြန်မာအစိုးရကလည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့်ဖြစ်ပွားတဲ့ အဆုတ်ရောင်ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနဲ့ ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ကြေညာလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။