ကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့ မန္တလေးက တိုက်ခန်းကို အသွားအလာပိတ်

ခေမဏီဝင်း
2020.03.27

မန္တလေး၊ ကန်တော်နဒီဆေးရုံမှာ စောင့်ကြည့်ကုသခံနေရတဲ့ အမျိုးသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိလို့ သူနေတဲ့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်က တိုက်အမှတ် ၆ ကို ဒီကနေ့ကစပြီး အသွားအလာ ပိတ်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်တွေ့တဲ့ မန္တလေးက အမျိုးသားတစ်ယောက်ရဲ့ နေအိမ်ကို အစိုးရက အသွားအလာတား မြစ်လိုက်ပါတယ်။ ဒီနေ့ မတ်လ ၂၇ ရက်နေ့အထိဆိုရင် မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ ငါးယောက် ရှိလာပါပြီ။

ဗိုင်းရပ်စ်ကူးခံထားရတဲ့ အမျိုးသားကတော့ မန္တလေး ကန်တော်နဒီဆေးရုံမှာ ကုသနေပါတယ်။ သူနေခဲ့တဲ့ တိုက်ခန်းက မြရည်နန္ဒာရပ်ကွက်မှာဖြစ်ပြီး၊ လူဦးရေ ၃၀ ကျော်နေထိုင်ပါတယ်။ အခန်းက ၁၆ ခုပါ။

တိုက်ခန်းကို ဘယ်အချိန်ထိ ပိတ်ထားမယ်ဆိုတာတော့ မသိသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်က ပြောပါတယ်။

“ဒီတိုက်နဲ့ပတ်သက်ပြီး LOCK Down ချလိုက်ပြီ၊ ဘာကြောင့်လဲဆို အမေရိကကပြန်လာတဲ့သူ ရောဂါတွေ့တဲ့အတွက် တားဆီးတာပါ“

လူနာဟာ ဖျားနာတာကို သိပေမယ့် သက်ဆိုင်ရာကို အကြောင်းမကြားခဲ့ပါဘူး။ တခြား ရပ်ကွက်နေထိုင်သူ တိုင်တန်းတော့မှ ဒီလူနာအကြောင်း သိခဲ့ရတာလို့ ဆယ်အိမ်မှူး ဦးလှဌေးက ပြောပါတယ်။

“လှမ်းအကြောင်းကြားတဲ့အခါ ကိုရိုနာလို့ ထင်တဲ့အကြောင်းပြောတယ်။ မဟုတ်ဘဲ ပေါက်သွားမှာစိုးတယ်၊ မနက်ကျလာမေးတော့ အချက်ခြောက်ချက် မေးကြည့်တော့ အကုန်ဝင်တယ်”

နိုင်ငံခြားကပြန်လာတဲ့သူတွေ နေအိမ်မှာသီးခြား ၁၄ ရက်နေထိုင်ကြဖို့ အစိုးရက ထုတ်ပြန်ပေမယ့် လိုက်နာမှု အားနည်းနေတဲ့အတွက်၊ ရပ်ကွက်နေသူတွေက သက်ဆိုင်ရာကို တိုင်ကြားဖို့လုပ်သင့်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ထွန်းထွန်းဦးက ပြောပါတယ်။

“အင်းစိန် လူနာလည်း အတူတူပဲ၊ လေဆိပ်ရဲ့ ချို့ယွင်းအားနည်ချက်ပေါ့၊ လေဆိပ်ကနေ ကျွံထွက်ပြီးတော့ အင်းစိန် အိမ်ရောက်မှသိတာ၊ ဒီလူနာလည်း အဲဒီသဘောမျိုးဆိုတော့ လေဆိပ်မှာ အားနည်းချက်ရှိတယ်လို့ သုံသပ်မိတယ်“

မန္တလေးမြို့က ပိုးတွေ့ရှိသူဟာ ရန်ကုန်ကနေ မန္တလေးမြို့ကို လာရောက်တဲ့အခါက တစ်ယောက်တည်း မဟုတ်ဘဲ နှစ်ယောက်လာရောက်ခဲ့တာဖြစ်တယ်လို့ မန္တလေးကားဝင်းကနေ နေအိမ်ကို လိုက်ပါပို့ဆောင်ပေးခဲ့ရတဲ့ သုံးဘီးမောင်းနှင်သူ ကိုဇာနည်အောင်က ပြောပါတယ်။

“တပည့်တစ်ယောက်ပါတယ်။ အောင်ပင်လယ် လိုက်ပို့ခဲ့ရတယ်။အောင်ပင်လယ် မောင်းတဲ့အချိန်မှာ ဖုန်းပြောတာကြားတယ်၊ သူ့ကိုသူ စိုးရိမ်နေတာထင်ပါတယ်။ အခု အဖျားမရှိတော့ဘူးဆိုပြီး ပြောသံကြားတယ်၊ သူ့ကိုသူ မသကာၤဖြစ်နေတယ်ထင်တယ်။ ရန်ကုန်မှာတော့ ဖျားခဲ့တယ်ထင်တယ်“

ကိုဇာနည်အောင်ဟာဆိုရင် ရောဂါပိုးရှိ သူရဲ့ဓာတ်ပုံ အွန်လိုင်းပေါ် ပျံ့နှံ့လာတာ တွေ့မြင်လိုက်ရတဲ့အတွက် သူလိုက်ပို့ပေး သူဖြစ်နေတယ်ဆိုကာ ကျန်းမာရေးဝန်ကြီးဌာနာကို လာရောက်ပူးပေါင်းခဲ့ပြီး ကျန်းမာရေးစစ်ဆေးမှု ခံယူဖို့ပြင်ဆင်ထားသူဖြစ်ပါတယ်။

လေကြောင်းနဲ့ ပြန်လာသူတွေကို စစ်ဆေးတဲ့ရာမှာ နိုင်ငံခြားသားကိုသာ အာရုံစိုက်နေလို့ လွတ်သွားတာလို့ ချမ်းမြသာစည်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက ယူဆပါတယ်။

“ကာယကံရှင်က အစောကြီးကတည်းက မြန်မာလူမျိုးဖြစ်နေတယ်။ အမေရိကန် နိုင်ငံသားဖြစ်နေတော့ မြန်မာဆိုတော့ စစ်တဲ့သူတွေကလည်း နိုင်ငံခြားသားကိုသာ ပိုက်စိတ်တိုက် စစ်တာကိုး၊ အမေရိကန် နိုင်ငံသားဖြစ်နေတာ မသိတော့ တင်းတင်းကြပ်ကြပ် မစစ်ဖြစ်တာပေါ့၊ ဆေးစစ်တယ်။ မသက်သာတော့ ဆေးခန်းတွေပြတယ်၊ အခုဆေးခန်းတွေ လိုက်စုံစမ်းနေတယ်“

ရောဂါပိုးတွေ့ရှိသူဟာ မန္တလေးမြို့မှာတော့ ပထမဆုံးတွေ့ရှိတဲ့သူဖြစ်ပြီး မြန်မာနိုင်ငံအတွက်တော့ လေးယောက်မြောက် ပိုးတွေ့ရှိသူဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။