နေပြည်တော် စားသောက်ဆိုင်အားလုံး ထုတ်ပိုးသယ်ယူစနစ်နဲ့သာ ရောင်းခွင့်ပြု

သီဟထွန်း
2020.03.27

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် စဖြစ်ပွားကတည်းက မြန်မာအစိုးရအနေနဲ့ တုံ့ပြန်မှုနှေးကွေးတယ်လို့ ဝေဝဖန်ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူတွေ တွေ့ရှိလာရအပြီးမှာတော့  နေပြည်တော်ကောင်စီ နယ်မြေအတွင်း ကူးစက်ပြန့်ပွားမှုမရှိအောင်  စားသောက်ဆိုင်အားလုံး ဆိုင်မှာစားသုံးခွင့်မပြုဖို့၊  အိမ်သယ် ပါဆယ်စနစ်နဲ့သာ ရောင်းချဖို့နဲ့ မတ်လ ၂၆ ရက် မနေ့က ရက်စွဲနဲ့ နေပြည်တော် ကောင်စီက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

နေပြည်တော်ကောင်စီ ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဝင်းက ထုတ်ပြန်ချက် မလိုက်နာရင် အရေးယူမယ်လို့ ပြောပါတယ်။

“ဒါက မနေ့ကတော့ ထွက်ထားပြီလေ။ မြို့နယ်တွေ၊ ခရိုင်တွေ၊ စည်ပင်တို့က ဆက်ပြီး အောက်ခြေအထိ ညွှန်ကြားမှာပေါ့ဗျာ။ ပါဆယ်စနစ်နဲ့ စားသောက်ဆိုင်တွေ အမိန့်ထုတ်ထားပြီးသားပဲလေ ဟုတ်ပြီလား။ ဒါကိုတော့ လိုက်နာဖို့လိုတာပေါ့ဗျာ”

ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူမယ်လို့ ပါဝင်ပြီး ဘယ်လိုအရေးယူ မလဲလို့ RFA က မေးမြန်းချက်ကိုတော့ ဦးထွန်းထွန်းဝင်းက ဖြေကြားတာ မရှိပါဘူး။

ဘာသာရေး၊ လူမှုရေး ပွဲလမ်းသဘင် အခမ်းအနားတွေကို ရွှေ့ဆိုင်းဖို့ နေပြည်တော်ကောင်စီက မတ်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့ပေမယ့် အလှူ၊ မင်္ဂလာဆောင်၊ ပွဲလမ်းအခမ်းအနားတွေ ကျင်းပတာကို တွေ့နေသေးတဲ့အတွက် လိုက်နာမှုမရှိသူတွေကို အရေးယူဖို့လည်း ညွှန်ကြားချက်မှာ ပါဝင်ပါတယ်။ ဒီကြေညာ ချက်နဲ့ ပိတ်ပင်မှုဟာ ဘယ်အချိန်ကာလအထိ ကြာမလဲဆိုတာတွေ ဖော်ပြမထားပါဘူး။

နေပြည်တော် ဇမ္ဗူသီရီမြို့နယ်၊ သပြေကုန်းရပ်ကွက်မှာရှိတဲ့ ဧရာဝတီလမ်းပေါ်က စားသောက်ဆိုင်၊ ဘီယာဆိုင် တွေ အားလုံးနီးပါးလည်း ဒီနေ့ကစလို့ ပါဆယ်စနစ်နဲ့သာ ရောင်းချတာကို တွေ့ရပါတယ်။ Mr . BBQ စားသောက် ဆိုင်က တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုသီဟက ရောင်းအား လေးပုံတစ်ပုံခန့်အထိ ကျဆင်းသွားတယ်လို့ ပြောပါတယ်။

“ဒီတော်တော်များများပဲ ပိတ်သွားကြပြီ။ ပါဆယ်တော့ ထုတ်ခွင့်ရှိတယ်။ တော်တော်များများဆိုတာ အကုန်လုံးနီးပါးပါပဲ။ စာထုတ်လိုက်ပြီးတော့ မပိတ်လို့က အဆင်မပြေတော့ဘူး။ ပါဆယ်လောက်ပဲဗျ။ ဒီအထဲမှာ ဧည့်သည်ကို အလာမခံတော့တာ။ ဒီထဲကလူကလည်း အပြင်ထွက်ခွင့် မပေးတော့ဘူး။ ထိခိုက်ပါတယ်။ ထိခိုက်တယ်ဆိုတာက ပါဆယ်ကျတော့ တော်တော်များများက မလာကြတော့ဘူး။ ကိုယ့်ဟာကို အိမ်မှာပဲနေကြတာဆိုတော့။ လာနှုန်းက နည်းသွားပြီ။ နည်းသွားတဲ့အတွက် ၂၅% လောက်ပဲ ရောင်းရတယ် ပုံမှန်ရောင်းကြေးထက်လေ”

မောခမ်းနွမ် (၂ ) စားသောက်ဆိုင်က မန်နေဂျာ ကိုသန့်ဇင်ဝင်းက ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ အပြည့်အဝ လိုက်နာမယ်လို့ ပြောပါတယ်။

“ကျတော်တို့ကတော့ မရောက်ခင်ကလည်း ကျန်းမာရေးဌာနက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေ အတိုင်းပဲ ကျတော်တို့ဆီမှာ Covid 19 ကာကွယ်ရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် လေးတွေတော့ ဝန်ထမ်းမှာရော၊ ဧည့်သည်အတွက်ရော ဆိုင်တွင်းမှာရော လုပ်ဆောင်ထားတာတွေ ရှိပါတယ်။ တကယ်လို့ ဒီဒေသန္တရ အမိန့်ကို ရခဲ့မယ်ဆိုရင် အပြည့်အ၀ လိုက်နာသွားမှာပါ။ အခုအနေအထားမှာလည်း ကျနေတယ်။ အဲလို အနေအထားမှာလည်း ပိုပြီးကျမယ်လို့တော့ ကျတော်တော့ ယူဆပါတယ်”

သပြေကုန်းဈေးအနီးမှာ ဖွင့်လှစ်ထားတဲ့ Excellent လက်ဖက်ရည်ဆိုင်က မန်နေဂျာ ကိုသက်ခိုင်ဦးကတော့ ဆိုင်ခွဲတွေကိုပါ တစ်လဝန်းကျင် ပိတ်သွားမယ်လို့ ပြောပါတယ်။

“ကျတော်တို့ဆီတော့ အဲစာရွက်တွေက မရောက်သေးဘူးဗျ။ ဒါပေမဲ့ ကျတော်တို့ကတော့ လကုန်ရင် ပိတ်မယ်။ တစ်ရက်နေ့ကစပြီး ပိတ်မှာပေါ့။ အခု ဧရာဝတီလမ်းမပေါ်မှာရှိတဲ့ ဆိုင်လည်း ပိတ်လိုက်ပြီပေါ့ စားသောက်ဆိုင်က။ ဆိုင်ခွဲတွေက ပျဉ်းမနားမှာလည်းရှိတယ်။ လယ်ဝေးမှာလည်းရှိတယ်။ ဧရာဝတီ လမ်းမပေါ်က ဆိုင်ကတော့ ပိတ်လိုက်ပြီ။ ကျန်တဲ့ဆိုင်တွေက လကုန် တစ်ရက်နေ့ စပိတ်မယ်။ တစ်လ လောက်တော့ ပိတ်ဖို့ရည်ရွယ်ထားတယ်”

ဒီညွှန်ကြားချက်က ဆိုင်ကို ရောက်မလာသေးလို့ အတိအကျ မသိသေးပေမယ့် ဆိုင်မှာ မထိုင်တော့ဘဲ ပါဆယ်ဆွဲတဲ့သူတွေတော့ ရှိသူနေပြီ ကိုသက်ခိုင်ဦးက ပြောပါတယ်။

စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တချို့မှာ ဝန်ထမ်းတွေ အိမ်ပြန်ချင်ရင် ပြန်ခွင့်ပြုထားပြီး ဆိုင်မှာပဲ နေချင်တယ်ဆိုရင်လည်း နေထိုင်ခွင့်ပေးထားတယ်လို့ သိရပါတယ်။

အလားတူ မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်မှာရှိတဲ့ စားသုံးဆိုင်တွေ၊ လက်ဖက်ရည် ဆိုင်တွေနဲ့ ခေါက်ဆွဲဆိုင်အားလုံးမှာ ဆိုင်ထိုင်မဟုတ်ဘဲ ပါဆယ်စနစ်နဲ့သာရောင်းချဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက မတ်လ ၂၄ ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မတ်လ ၂၆ ရက်နေ့ ညပိုင်းအထိ ဓာတ်ခွဲစစ်ဆေးမှုအဖြေအရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ နောက်ထပ်နှစ်ဦး တွေ့ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့သူ ငါးဦး ရှိပါတယ်။

နေပြည်တော်က ဆေးရုံတွေမှာလည်း ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံတွေက ပြန်လာ ၁ဝ၂ ဦးကို သီးသန့်ခွဲထားပြီး စောင့်ကြည့်နေတယ်လို့ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရေး လူမှုဝန်ထမ်းအဖွဲ့ (NCVT) က  RFA ကို မတ်လ ၂၆ ရက်နေ့က ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။