ကိုရိုနာအန္တရာယ် အသိပညာပေးမှု ရခိုင်ဒေသမှာ အားနည်းနေ
2020.03.30
အင်တာနက် ဖြတ်တောက်ခံထားရတဲ့ ရခိုင်ဒေသမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားမှုမရှိအောင် အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်မှု အားနည်းနေတာကြောင့် ဒေသခံတွေဟာ လိုက်နာရမယ့် နည်းလမ်းတွေကို မသိဘဲ ဖြစ်နေပါတယ်။
ရခိုင်ဒေသဟာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်းတွေ အများအပြားရှိနေသလို အလုပ်အကိုင် ရှားပါးမှု ကြောင့် ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံတွေကို သွားရောက်အလုပ် လုပ်ကိုင်နေကြတဲ့ လူငယ်တွေ အများအပြား ရှိနေတဲ့ ပြည်နယ်တစ်ခုပါ။
ကမ္ဘာတဝှမ်း ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို မြန်မာပြည်က ရင်ဆိုင်လာရတဲ့ ဒီအချိန်မှာ ရခိုင် ပြည်နယ် အတွက် ရတက်မအေးစရာ အခြေအနေတွေက ရှိလာနေပါတယ်။
ဒါတွေကတော့ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့ နိုင်ငံသားတွေ ဒီရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်ထဲ အများအပြား ပြန်ရောက်လာပြီး ဒေသခံတွေကလည်း အင်တာနက် ဖြတ်ခံထားရတဲ့ အခြေအနေတွေကြောင့် လိုက်နာဆောင်ရွက်ရမယ့် နည်းလမ်းတွေကို မသိရှိကြဘူးလို့ ရခိုင်အမတ်တွေက ပြောပါတယ်။ ဒေသခံတွေက ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ အသိပညာ မရထားတော့ မလိုက်နာကြဘူးလို့ ဆိုပါတယ်။
ပြည်ပက ပြန်လာသူတွေကို သီးသန့်ထားရမယ်ဆိုတဲ့အချက်ကို မိသားစုဝင်တွေက လက်မခံကြတာတွေရှိတယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း ကပြောပါတယ်။
“ဒီရောဂါအခြေအနေကို ပြည်သူတွေက ဂဃနဏ မသိဘူး။ အဓိက အင်တာနက်လိုင်း ပိတ်ထားတာ ပါတာပေါ့။ အစိုးရကလည်း ဒီကိစ္စအပေါ်မှာ ငွေကြေးထောက်ပံ့မှု ဘာမှမရှိဘူး။ တချို့ကလည်း ထိုင်းကပြန်၊ မလေးကပြန်၊ တရုတ်ကပြန်လာပြီး ရွာတွေကို ရောက်သွားတယ်။ သူတို့ကို သီးသန့်ထားဖို့ ရွာလူကြီးတွေ ကတော့ အကျိုး အကြောင်းလေး ပြောပြပေမယ့် နှစ်ပေါင်းများစွာ ခွဲခွာရတဲ့ သားသမီးတွေကို သီးသန့်ခွဲ ထားရမယ်ဆိုတာကို လက်မခံနိုင်တဲ့သူတွေလည်းရှိတယ်။ ကာယကံရှင်ကလည်း ငါတို့မှာ ရောဂါပိုးရှိတယ်လို့ ဘယ်သူပြောလည်း အဲဒီလိုအခြေအနေမျိုးလည်း ရှိတာပေါ့”
ဒါ့အပြင် သီးသန့်ထားသူတွေကို ဘယ်လို ဆက်ဆံရမယ်ဆိုတဲ့ အသိပညာတွေလည်း မရှိကြဘူးလို့ ဆိုပါတယ်။ ရသေ့တောင်မြို့နယ်မှာဆိုရင် ပြည်ပက ပြန်လာသူ ၁၀၀ ကျော်ရှိနေတယ်လို့ ဆိုပါတယ်။
ရောဂါပိုးတွေပါလာပြီး ဒုက္ခသည်စခန်းတွေထဲ ရောက်ရှိသွားပြီး ကူးစက်မှုနှုန်းကို ထိန်းချုပ်ဖို့ ခက်ခဲသွားမှာ ကိုလည်း ကိုယ်စားလှယ်တွေက စိုးရိမ်နေကြပါတယ်။
ဒုက္ခသည်စခန်းတွေမှာဆိုရင် ရေရှားပါးနေလို့ လက် မကြာခဏဆေးဖို့တောင် ခက်ခဲနေတာကြောင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ က ပြောပါတယ်။
“စစ်ဘေးရှောင် အရမ်းများတယ်။ ရေရှားပါးမှုတွေလည်း လက်တွေ့မှာ အရမ်းကြုံနေရပြီလေ။ အဲဒီအတွက် ကြောင့် လက်ဆေးဖို့တောင် အခက်အခဲရှိတယ်။ တကယ်လို့များ မဆိုကောင်း ရောဂါတွေဝင်လာလို့ရှိရင် အခက်အခဲတွေ အများကြီးကြုံလာရလိမ့်မယ်”
ရသေ့တောင်မှာဆိုရင် အငူမော်ကျေးရွာမှာ ပြည်ပက ပြန်လာသူတွေများတဲ့အတွက် အသိပညာ ပေးလုပ်ငန်းတွေ လုပ်ဖို့ ကိုယ်စားလှယ်တွေက အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက်နေကြပါတယ်။
ကျောက်တော်မြို့နယ်မှာ စစ်ဘေးဒုက္ခသည်စခန်း ငါးခုလောက်ရှိပြီး စခန်းမှာ နေထိုင်နေကြသူ ၅၀၀၀ ကျော် ရှိပါတယ်။ ကျောက်တော်မြို့နယ်မှာ အသိပညာပေးလုပ်ငန်း အားနည်းနေတယ်လို့ ကျောက်တော်မြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ကပြောပါတယ်။
“ဒုက္ခသည်စခန်းမှာလည်း ကျွန်တော်တို့ မြို့နယ်မှာတင် ထောင်ချီရှိနေတာပေါ့။ အဲဒါမှာလည်း အသိပညာ ပေးထားတာ ဘာမှမရှိဘူး။ နိုင်ငံခြားက ပြန်လာတာလည်း အများကြီးရှိနေတယ်။ မြို့ပေါ်မှာလောက်ပဲ လောလောဆယ် ကြေညာပြီးအော်တယ်။ မြို့နယ် ဆရာဝန်မေးလိုက်တော့လည်း သူ့မှာ အင်အားမရှိတဲ့ အခါကျတော့ ဘာမှမလုပ်နိုင်ဘူးတဲ့ PPE ဝတ်စုံကလည်း တစ်စုံမှ မရှိဘူး။ မြို့နယ်မှာ ဖြစ်နေတာ”
ဒေသခံတွေက ကျန်းမာရေးဆိုင်ရာ လမ်းညွန်ချက်တွေကို သိရှိမှု အားနည်းနေတာဟာ အင်တာနက် ဖြတ်တောက် ခံထားရတာကြောင့်လို့လည်း ကိုယ်စားလှယ်တွေက သုံးသပ်ပါတယ်။
လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်အတွင်းမှာ လူစုလူဝေးတွေနဲ့ မင်္ဂလာဆောင်တွေ၊ အလှူတွေက ရှိနေဆဲပါပဲ။
မြေပုံမြို့နယ်မှာ လူစုလူဝေး မရှိအောင် အလှူတွေ၊ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ မလုပ်ဖို့ တားမြစ် ထားတာကို လိုက်နာမှု အားနည်းနေတယ်လို့ မြေပုံမြို့ခံ ဦးခင်မောင်ဦးက ပြောပါတယ်။
“မနေ့ကလည်း ရှင်ပြုပွဲတစ်ပွဲ၊ ဒီနေ့လည်း ရှင်ပြုပွဲတစ်ပွဲ၊ အဲဒီလို တောက်လျှောက်ကို ရှိနေတယ်။ ပွဲတွေ ဘာတွေက အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ကလည်း ကျွန်တော်နဲ့ ရင်းနှီးတာပဲ။ သူတို့ကိုယ်တိုင်က ဘာမှကို မသိဘူး။ အခုနိုင်ငံခြားက ရောက်တယ်။ အဖျားရောဂါ တက်တယ်။ ကျွန်တော် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြီး ပြောတယ်။ ရခိုင်မှာက ဥပဒေ အာဏာပျော့တယ်။ သူတို့လာမယ်ဆိုရင် စစ်ဘေးရှောင်ကအစ သေမှာပဲ။ ရခိုင်ပြည်မှာ ဘာမှမရှိဘူး”
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခုလ ၂၃ ရက်နေ့ကနေ မတ်လ ၃၀ ရက်နေ့အထိ ရှစ်ရက်အတွင်း မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူဟာ ၁၄ ဦးအထိ ရှိလာပါတယ်။
ချင်းပြည်နယ်မှာ တစ်ဦး၊ ရန်ကုန်မြို့မှာ ၁၀ ဦး၊ နေပြည်တော်မှာ တစ်ဦး၊ မန္တလေးမှာ တစ်ဦးနဲ့ ရှမ်းပြည်နယ်မှာ တစ်ဦး ရှိနေတာဖြစ်ပါတယ်။