ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တိုးလာ

ဝေယံမိုးမြင့်
2020.02.02
waibagi-hospital-622.jpg မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကို တွေ့ရစဉ်
Photo: RFA

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ရန်ကုန်မြို့ အောင်ရတနာပုဂ္ဂလိက အထူးကုဆေးရုံက လူနာတစ်ဦး ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်း သံသယနဲ့ စောင့်ကြည့်စစ်ဆေးနေတဲ့ လူနာ ‌လေးဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ အောင်ရတနာ ပုဂ္ဂလိကအထူးကုဆေးရုံကို လာရောက်ပြသတဲ့ ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးတစ်ဦးမှာ ဖျားနာ၊ ချောင်းဆိုးသွေးပါ၊ အသက်ရှူကြပ်တဲ့ လက္ခဏာတွေကြောင့် ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ ကတော့ ရန်ကုန်လေဆိပ်မှာ ကွမ်ကျိုးကလိုက်ပါလာတဲ့ တရုတ်နိုင်ငံ သားတစ်ဦးကို ကိုရိုလာဗိုင်းရပ် သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားတာပါ။

အခုဆိုရင် ဝေဘာဂီဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စမ်းသပ်လူနာ နှစ်ဦး ရှိနေပြီလို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။

ဝေဘာဂီဆေးရုံက ဒေါက်တာ စံပယ်ဖြူက သံသယလူနာ နှစ်ဦးနဲ့ ပတ်သက်ဆက်နွယ်သူ  တွေကိုလည်း စောင့်ကြည့် စစ်ဆေးနေတယ်လို့ အတည်ပြုပြောပါတယ်။

သံသယလူနာ နှစ်ဦးပါ စောင့်ကြည့်တဲ့ သူကတော့ရှိတာပေါ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူ  တွေကိုတော့ စောင့်ကြည့်အနေနဲ့ ထားထားပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကို ပြန်လာသူ တစ်ဦးမှာလည်း ရောဂါလက္ခဏာ တွေ့ရှိရတဲ့အတွက် စောင့်ကြည့်ကုသပေးနေကြောင်းနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ကျိုင်းတုံမြို့ကို တရုတ်နိုင်ငံစီချွမ်မြို့နယ်က လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသား မိသားစုထဲက ၁ နှစ် ၂ လအရွယ် ကလေးတစ်ဦးမှာလည်း ရောဂါ လက္ခဏာတွေ့ရှိရတဲ့အတွက် မိသားစုတွေကိုပါ စောင့်ကြည့် စစ်ဆေးပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက သတင်းထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့မှာလည်း သံသယလူနာ တစ်ဦးရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဲဒီလူနာနဲ့ ပတ်သက်လို့တော့ အစိုးရက ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အခုချိန်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှာ မနေရဲတော့ဘဲ နေ့စဉ် နယ်စပ်ဂိတ်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရာနဲ့ချီ ပြန်လာနေကြပါတယ်။

နယ်စပ်ဂိတ်တွေမှာ အဝင်အထွက် လျှော့ချတာ၊ ယာယီပိတ်တာတွေ လုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့ကို ဖြေကြားထားပါတယ်။

မူဆယ်ဂိတ်မှာနေ့စဉ်ဝင်ထွက် သွားလာနေတာတွေကို အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးပြီး ကိုယ်အပူချိန် မြင့်တက်နေသူတွေကို စောင့်ကြည့်စစ်ဆေးပေးနေတာပါ။

လတ်တလောမှာ နယ်စပ်ဂိတ်တွေကို ယာယီပိတ်ဖို့ မရှိသေးကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

နယ်စပ်ဂိတ်ပိတ်ဖို့ ဆွေးနွေးတာမဟုတ်ပါဘူး နယ်စပ်ဂိတ် ကျမ်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ ရှိတာပါ။ အပူချိန်တိုင်းကိရိယာနဲ့ တိုင်းပြီး မသင်္ကာတဲ့သူတွေကို စောင့်ကြည့်တာတွေလုပ်တယ် ဆေးရုံမှာ သံသယရှိတာတော့မတွေ့ပါဘူး အပူချိန် သာမာန်အပူချိန်ထက်များတာတွေကို စောင့်ကြည့်ပြီး အဖျားကျတာနဲ့ ပြန်လွှတ်တာတွေတော့ရှိတယ်။

အရင်က မူဆယ်ဂိတ်မှာ နေ့စဉ်ဝင်ထွက်သွားလာသူ ထောင်နဲ့ချီရှိပေမယ့် အခုရက်ပိုင်းမှာ လေးငါးရာ ဝန်းကျင်သာရှိပြီး တရုတ်နိုင်ငံသားတွေ သွားလာတာ မရှိတော့ဘဲ မြန်မာနိုင်ငံသားတွေ ပြန်လာတာများတယ်လို့ သိရပါတယ်။

“ဝ”ဒေသ ပန်ဆန်းနယ်စိပ်ဂိတ်လည်း လတ်တလော ပိတ်ထားတာမရှိဘဲ နေ့စဉ်သွားလာ သူတွေကိုသာ ကျန်းမာရေး စစ်ဆေးပေးနေတယ်လို့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံဦးညီရမ်း က ပြောပါတယ်။

တရားဝင်ပေါက်ကလာတဲ့ သူတွေလည်းလာကြဖို့ ကောင်းကောင်းမွန်မွန် စမ်းသပ်စစ်ဆေးမှုတွေ လုပ်နိုင်အောင် စည်းကမ်း ထုတ်ပြန်တာရှိတယ် ခိုးဝင်ခိုးထွက်တာတွေလည်းမလုပ်ဖို့ စီစစ်မှုတွေလုပ်နေတယ်။ ဝပြည်ထဲကို ခိုးဝင်တာတွေကို ပေးမဝင်ဘူး တွေ့ရင်လဲ အရေးယူတာတွေ ပြန်လှည့်ခိုင်းတာတွေလုပ်နေပါတယ်။


ဒီလိုဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စု အစိုးရအနေနဲ့ “ဝ”ဒေသကို သီးခြား ညှိနှိုင်းပြောဆိုချက် တစ်စုံတစ်ရာ မရှိသေးပေမယ့် ဒေသအတွင်းမှာ လူစုလူဝေးမဖြစ်အောင် ပွဲလမ်းသဘင်တွေ၊ မင်္ဂလာဆောင်တွေ မလုပ်ဖို့ တားမြစ်ထားပြီး လက်ရှိအချိန်အထိတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတစ်ဦးတစ်ယောက်မှ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကတော့ ကချင်ပြည်နယ် ကန်ပိုက်တီး၊ ဆဒုံး၊ လွယ်ဂျယ်၊ ပန်ဝါ၊ ရှမ်းပြည်နယ် နမ့်ခမ်းမှာ နယ်စပ်ဂိတ် နှစ်ခု၊ မူဆယ်မှာ လေးခုနဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။