နေပြည်တော် လေတပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ
2024.07.16

နေပြည်တော်က အေလာလေတပ်စခန်း ဇူလိုင်လ ၁၆ ရက် ဒီနေ့မနက်ပိုင်းမှာ ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်း ၈ နာရီခွဲခန့်မှာ လေတပ်အတွင်း ပေါက်ကွဲသံ နှစ်ကြိမ်ကြားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနက် ရှစ်နာရီခွဲလောက်မှာ ပေါက်ကွဲသံ နှစ်ကြိမ်ကြားရတယ်။ အသံကလည်း တော်တော်ကျယ်တယ်ပေါ့နော်။ လေတပ်ဘက်ဆိုတော့ ဘယ်ဟာတွေ ထိသွားလည်းဆိုတာတော့ သေချာမသိရဘူး။ ကျနော်တို့ အနားကပ်လို့တောင် မရဘူး။ သိုလှောင်ရုံဘက် ကျတယ်လို့လည်း သတင်းကြားရတယ်”
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီနေ့မနက် ၈ နာရီ ၄၅ မိနစ်မှာ နေပြည်တော် အေလာလေဆိပ် ရှော့တိုက်ဒုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး လေဆိပ်ခြံစည်းရုံးပေါ်ကို တစ်လုံး၊ ကြံစိုက်ခင်းအတွင်းတစ်လုံး ကျရောက်ပေါက်ကွဲတယ်လို့ ရေးသားဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ နေပြည်တော်မြို့ခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကတော့ အေလာတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ခုနစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တောင်တန်းသူရဲကောင်းများ ကာကွယ်ရေးတပ်ဖွဲ့ (MKCDF) ထုတ်ပြန်ထားပြီး စစ်ကောင်စီကတော့ လေတပ်မှာ ထိခိုက်မှုမရှိဘူးလို့ ပြောဆိုထားပါတယ်။
ဧပြီလ ၄ ရက်နေ့ကလည်း အေလာလေတပ်နေရာ အပါအဝင် နေပြည်တော်က စစ်ရုံးချုပ် (ကက - ကြည်း) တို့ကို NUG လက်အောက်ခံ တပ်ဖွဲ့တွေက ဒရုန်းတွေနဲ့ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။