တပ်မတော်သားတစ်ဦး ဗိုင်းရပ်စ်ကူးစက်မှု တပ်မတော် အမှန်တိုင်း သတင်းထုတ်ပြန်မည်

သီဟထွန်း၊ သက်စုအောင်
2020.05.05

နေပြည်တော်တိုင်းစစ်ဌာနချုပ်က တပ်မတော်သားတစ်ဦး၊ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာနဲ့ ပတ်သက်ပြီး  အများပြည်သူ သိရှိနိုင်ဖို့ သတင်းအချက်အလက်တွေကို အမှန်အတိုင်း ထုတ်ပြန်ပေးမယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီ က ပြောပါတယ်။

ပြည်တွင်းမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိခဲ့တဲ့ တပ်မတော်သားတစ်ဦးနဲ့ ပတ်သက်ပြီး ဘယ်လို ပုံစံနဲ့ ကူးစက်ခံရတာလည်းဆိုတာကို စုံစမ်းနေဆဲဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

ရောဂါပိုး ဘယ်လိုကူးစက်တယ်ဆိုတာကို မှန်မှန်ကန်ကန်သိမှ ကာကွယ်ထိန်းချုပ်နိုင်မှာဖြစ်လို့ သိသင့်တဲ့ အချက်တွေကို မကွယ်ဝှက်ဘဲ အမှန်အတိုင်း ထုတ်ပြန်ပေးမယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောပါတယ်။

"သူနဲပတ်သက်ပြီးတော့ အဲဒီ ရာဇဝင်ကို ကျတော်တို့ အသေးစိတ်စိစစ်နေပါတယ်ဗျ။ စိစစ်နေပါတယ်။ လက်တ လောမှာတော့ သူတာဝန်ထမ်းဆောင်တဲ့ ရုံးဌာနမှာရှိနေတဲ့သူတွေ၊ ရုံးက သူတို့ Contact တွေ ဖြစ်နိုင်တဲ့သူတွေ ပေါ့နော် အဲဒီသူတွေလည်း အကုန်လုံး ကျနော်တို့ လောလာဆယ် Quarantine လုပ်ပြီးတော့မှ စောင့်ကြည့် နေပါတယ်။ နောက်ဆေးစစ်တာတွေ ဘာတွေလည်းလုပ်နေပါတယ်။ လုပ်သင့်လုပ်ထိုက်တာ ထုတ်ပြန်ပေးရ မှာပေါ့။ ဘာလို့လဲဆိုတော့ ဒါက အခြေအနေမှန်ကို ကျနော်တို့သိမှ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှာလေ။ မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မှ၊ ဒါကြောင့်သူ့ process နဲ့ သူတို့ လုပ်သင့်လုပ်ထိုက်တာတွအားလုံး ဆက်လုပ် သွားမှာပါ"

နေပြည်တော်၊ တပ်မတော် အမှတ် ၂ ကုတင် ၁၀၀၀ ဆေးရုံမှာ စောင့်ကြည့်လူနာအဖြစ် တက်ရောက်ကုသနေတဲ့ လူနာအမှတ် ၁၅၆ ဟာ၊ တပ်မတော်သားတစ်ဦးဖြစ်ပြီး သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်းကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး တို့က မေလ ၄ ရက် မနေ့က သတင်းထုတ်ပြန် ခဲ့ပါတယ်။

အခုအခါ ရောဂါပိုး ကူးစက်ခံရသူ တပ်မတော်သားနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့သူတွေကို အသွားအလာ ကန့်သတ် စောင့်ကြည့်နေပြီး ဆေးစစ်တာတွေလည်းလုပ်နေတယ်လို့ ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာတော့ လူနာအမှတ်စဉ် ၁၅၆၊ တပ်မတော်သားမှာ ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြုလူနာတွေနဲ့ ထိတွေ့မူမရှိ၊ ပြည်ပသို့ ခရီးသွားခဲ့တာလည်း မရှိဘူးလို့ ဖော်ပြထားပါတယ်။

နေပြည်တော်တဝိုက်မှာ ကိုရိုနာဗိုင်းရပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးတွေဆောင်ရွက်နေတဲ့ Covid 19 Volunteer Team (NCVT) နာယက ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ဘယ်သူကူးစက်ခံရတာပဲ ဖြစ်စေ ကျန်မာရေးဌာနအနေနဲ့ ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပြန်ဖို့ လိုတယ်လို့ တိုက်တွန်းပါတယ်။

"ကျတော်တို့ ဥတ္တရခရိုင်အတွင်းမှာ သွားလာခဲ့ဖူးခြင်း ရှိ မရှိ ဆိုတာတော့ မှန်မှန်ပြောမယ်ဆိုရင် စိုးရိမ်ပါတယ်။ စိုးရိမ်တယ်။ စိုးကြောက်တယ်။ အဲတော့ နောက်နောင်ကို ဝန်ကြီးဌာနတွေအားလုံး၊ ကျန်းမာရေးဝန်ကြီးဌာနက တော့ အဓိကပေါ့နော်။ ဆိုတော့ ရောဂါဖြစ်ပွားခဲ့တဲ့ လူနာရဲ့ ရာဇဝင်ကို ထုတ်ပြန်တဲ့အခါမှာ တပိုင်းကတော့ရှိ မှာပေါ့ လူတွေကြောက်လန့်မှာဆိုးလို့ တို့ဘာတို့ အဲဒီအပိုင်းကလည်း ထိန်းချုပ်တဲ့အပိုင်းကိုတော့ ကျနော်နား လည်ပါတယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံးပွင့်လင်းမြင်သာစွာနဲ့ ချပြစေချင်တယ်။ ပြီးတော့ လူနာကိုယ်တိုင်ကလည်း မှန်မှန်ကန်ကန်နဲ့ ပူပေါင်းပြီးတော့ ပြောစေချင်တယ်။"

နေပြည်တော်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြတ်ဝဏ္ဏစိုးက တပ်မတော်သားတစ်ဦး ရောဂါပိုး ကူးစက်ခံရတဲ့အပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ကိုင်တွယ်ဖြေရှင်းနေတယ်လို့ ပြောပါတယ်။

"ဟုတ်ကဲ့ လောလောဆယ်တော့ အဲကိစ္စကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကပဲ ကိုင်တွယ်ဖြေရှင်းနေ ပါတယ်။ သူတို့မှာလည်း ကျန်းမာရေးနဲ့ ရောဂါစစ်ဆေးရေးတပ်တို့ ရောဂါကာကွယ်နှိမ်နှင်းတဲ့အဖွဲ့တွေ၊ ဆေးရုံ တွေရှိတဲ့အတွက် သူတို့ဆောင်ရွက်နေတယ်လို့ပဲ သိရပါတယ်။ ကျတော်တို့ကတော့ သူတို့ထဲကိုဝင်ပြီးတော့ အဲဒါလုပ်တာတွေ မရှိသေးပါဘူးဗျ။"


ရောဂါကူးစက်ခံရတဲ့ တပ်မတော်သားဟာ တပ်ပြင်ပကသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ အခြေအနေကိုတွေ့ရှိပြီး ကျန်းမာရေးဦးစီးဌာနဘက်ကို အကြောင်းကြားလာရင် လိုအပ်တာတွေဆောင်ရွက်မယ်လို့ ဒေါက်တာမြတ်ဝဏ္ဏစိုး က ပြောပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ မနေ့က ထုတ်ပြန်ချက်မှာ အဲဒီ တပ်မတော်သားကို ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ အထူးကုသဖို့ သတ်မှတ်ထားတဲ့ ဆေးရုံမှာ ကုသနေပြီး ကျန်းမာရေးအခြေအနေ တည်ငြိမ် ကောင်းမွန်တယ်လို့ ဖေါ်ပြထားပါယ်။

တပ်မတော်အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကုထုံးတွေ၊ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ ရောဂါ ကုထုံးတွေကို လေ့လာပြီး ကြိုတင်ပြင်ဆင်ထားတဲ့အတွက် ရောဂါကုသဖို့ လုံလောက်တဲ့ စက်ပစ္စည်းနဲ့ လူအင်အားအလုံ အလောက်ရှိတယ်လို့လည်း ဗိုလ်ချုပ်ထွန်းထွန်းညီ က ပြောပါတယ်။

တချိန်တည်းမှာပဲ တပ်မတော်မှာရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးစစ်ဆေးတဲ့ စက် နှစ်လုံးထဲက တစ်လုံးကို နေပြည်တော်က အမှတ်(၂) တပ်မတော် ကုတင် ၁၀၀၀ ဆေးရုံမှာထားရှိပြီး တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော်အပါအဝင် နေပြည်တော်ကောင်စီနဲ့ ထိစပ်နေတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာရှိတဲ့ Quarantine စင်တာက သူတွေကို စစ်ဆေးမှာဖြစ်ပါတယ်။

ရန်ကုန်၊ အမှတ်(၁) တပ်မတော် ခုတင် ၁၀၀၀ ဆေးရုံမှာရှိတဲ့ စက်ကိုတော့ ထိုင်းနိုင်ငံက ပြန်လည်ရောက်ရှိလာပြီး ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က Quarantine စင်တာတွေမှာရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို စစ်ဆေးဖို့ သတ်မှတ်ထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချူပ် ဦးဇော်ဌေးက မနေ့က သတင်းထောက် တွေကို ပြောပါတယ်။

ဧပြီလ ဒုတိယပတ်နဲ့ တတိယပတ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေရှိသူ ပိုမိုများပြားခဲ့ပေမယ့် ဧပြီလ နောက်ဆုံးပတ်မှာ လူနာသစ်တွေ့ရှိမူက အနည်းငယ်လျော့နည်းခဲ့ပါတယ်။ ဒါဟာ ရောဂါထိန်းချုပ်ကုသရေးကို အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နိုင်ခဲ့လို့ဖြစ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မေလ ၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေက ပြန်လာမယ့်သူတွေ အများအပြားရှိပြီး စက်ရုံအလုပ်ရုံတွေလည်း ပြန်ဖွင့်တော့မှာဖြစ်လို့ ရောဂါကူးစက်ခံရမူ များပြားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အိမ်တွင်းမှာပဲ Stay Home နေထိုင်ခြင်း အပါအဝင် ထုတ်ပြန်ချက်တွေကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။

မေ ၅ ရက်နေ့ ဒီနေ့ မနက်ပိုင်းအထိ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက် တွေအရ မြန်မာနိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူ ၁၆၁ ဦး၊ ပြန်လည် သက်သာလာသူ ၄၉ ဦး၊ သေဆုံးသူ ခြောက်ဦးနဲ့ ပြန်လည်ကောင်းမွန်လို့ ဆေးရုံကဆင်းသူ ၂၉ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။