အစိုးရ၊ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ ကျိုင်းတုံမှာ ဆွေးနွေးနေ
2019.09.17

အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၊ တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့က ကိုယ်စားလှယ်တွေဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ မှာ တွေ့ဆုံဆွေးနွေးနေပါတယ်။
ကျိုင်းတုံမြို့ Amazing Kengtong Resort Hotel မှာ ဒီနေ့မနက် ၁၀ နာရီက စတင်ဆွေးနွေးနေတာဖြစ်ပါတယ်။
အစိုးရဘက်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဒုဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့ကိုတော့ ဒုဥက္ကဋ္ဌ ဦးသိန်းဇော် အတွင်းရေးမှူး ဦးခင်ဇော်ဦးတို့ ဦးဆောင်ပါတယ်။ တပ်မတော်ဘက်ကလည်း ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လာတာကို တွေ့ရပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့က KIA/ KIO ကိုယ်စားလှယ် ကွမ်ထောင်ထိန်နန် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၈ ဦးပါဝင်သလို TNLA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော် ဦးဆောင်တဲ့ ကိုယ်စားလှယ် ၇ ဦး AA အဖွဲ့က အထွေထွေအတွင်းရေးမှူး ဒေါက်တာညိုထွန်းအောင် ဦးဆောင်တဲ့ကိုယ်စားလှယ် ၇ ဦး ကိုးကန့်အဖွဲ့ကတော့ ဒုစစ်ဦးစီးချုပ် ရန်ဝင်ကျုံးပါဝင်တဲ့ ကိုယ်စားလှယ် ၆ ဦး တက်ရောက်ဆွေးနွေးနေပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုးဆောင်အဖွဲ့ PCG က ဦးလမိုင်ခွန်ဂျာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လကုန်ကလည်း ဒီမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် တပ်မတော် ကိုယ်စားလှယ်တွေ မပါဝင်တာကြောင့် ပဏာမ အပစ်ရပ်သဘောတူစာချုပ်မှာ တပ်နေရာချထားရေးကိစ္စကို မဆွေးနွေးနိုင်ခဲ့ပါဘူး။ ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာတော့ တပ်ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်နေတာကြောင့် ပဏာမအပစ်ရပ်သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးလိုမျိုး တိုးတက်မှုတွေရှိမလားဆိုပြီး ဒီဆွေးနွေးပွဲ အပေါ် အများ စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
(RFA သတင်းထောက် ကိုကံသာ ပေးပို့သည်)