တိုက်ပွဲတွေမရပ်သေးတာကို KNU ဝေဖန်
2019.09.07

တိုင်းရင်းသားဒေသတွေမှာ အစိုးရနဲ့ တပ်မတော်က အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က ပြောလိုက်ပါတယ်။
အပစ်အခတ်ရပ်စဲအောင် ဆောင်ရွယ်မယ်ဆိုရင် NCA စာချုပ်ပါ အချက်တွေအတိုင်း ဆောင်ရွက်ရမှာဖြစ်ပေမယ့် လက်ရှိအချိန်ထိ အပစ်အခတ်ရပ်စဲအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူးလို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ် ထူးဝင်းက ဒီနေ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ဦးဆောင်တဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့နဲ့ ရန်ကုန်မြို့က NRPC ရုံးမှာ တွေ့ဆုံစဉ် ပြောလိုက်တာဖြစ် ပါတယ်။
တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရဖို့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရရှိဖို့လိုအပ်ပေမယ့် လက်တွေ့မှာတော့ ယုံကြည်မှုကို ထိပါးစေတဲ့ ဆောင်ရွက်မှုတချို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
အစိုးရဘက်ကတော့ NRPC ဒုတိယဥက္ကဋ္ဌ တစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး NCA လမ်းကြောင်းကနေ သွေဖယ်မသွားကြဖို့၊ NCA လမ်းကြောင်း အပြင်ကိုထွက်ပြီး သီးခြားလမ်းအသစ်တွေ ဖော်ဆောင်တာဟာ ကိုယ့်ပဋိညာဉ်ကို ကိုယ်ပြန်ဖျက်ရာရောက်နိုင် တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်တဲ့ NCA ကိုမဏ္ဍိုင်ပြုပြီး ပေါ်ပေါက်ခဲ့တာဖြစ်လို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေဟာ NCA ကနေ သွေဖယ်လို့ မဖြစ်နိုင် ဘူးလို့ တိုက်တွန်းခဲ့ပါတယ်။
သြဂုတ် ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ NRPC နဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ဖို့ အစိုးရက အဆိုပြုထားတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို KNU နဲ့ RCSS ဘက်က ပြင်ဆင်လိုတဲ့အချက်တွေကို အစိုးရဘက် ပြန်တင်ပြခဲ့ရာမှာ အားလုံးသဘောတူညီမှု မရသေးတာကြောင့် ဒီနေ့ တေ့ွဆုံကြတာဖြစ်ပါတယ်။
မကြာခင်မှာ ထပ်မံတွေ့ဆုံသွားမယ်လို့လည်း NRPC အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးလှမောင်ရွှေက ပြောပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)