TNLA က ဖမ်းဆီးထားသူ လွှတ်ပေးဖို့ NRPC ကြေညာချက်ထုတ်


2018.09.10
nrpc-statement-622 ့TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ် ကို အမြန်ဆုံးလွှတ်ပေးဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ၂၀၁၈၊ စက်တင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို တွေ့ရစဉ်
Photo: NRPC - facebook

တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဖမ်းဆီးထားတဲ့ နန်းမိုဟွမ်ဆိုတဲ့ အမျိုးသမီးကို TNLA အနေနဲ့ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) က ဒီနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

NRPC ရဲ့ ထုတ်ပြန်ချက်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ဟိုနောင် ရပ်ကွက်မှာ နေထိုင်တဲ့ နန်းမိုဟွမ်ကို TNLA က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပြီး အပြစ်မဲ့ပြည်သူကို ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဥပဒေမဲ့လုပ်ရပ်ဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် ဒီလုပ်ရပ်ဟာ နိုင်ငံတော်အစိုးရက ကြိုးပမ်းဆောင်ရွက်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို များစွာထိခိုက်စေသလို ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို ထိပါးပြီး တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ လုပ်ရပ်တိုင်းကို ပြင်းထန်စွာရှုတ်ချကြောင်း NRPC ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

TNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်ကတော့ NRPC က ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်အပေါ် တစ်စုံတစ်ရာ တုံ့ပြန်သွားဖို့ အစီအစဉ်မရှိကြောင်း နဲ့  နန်းမိုဟွမ် အမှုကို မူလ ထုတ်ပြန်ထားတဲ့ အတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အခုလိုပြောပါတယ်။

"ကျန်တဲ့ဟာတော့ ပြောစရာမရှိဘူး၊ ဒီကိစ္စကတော့ မူလကတည်းက ကျနော်တို့ ဆောင်ရွက်မယ့်ဟာကို ဒီတရားရေးအဖွဲ့က အလုပ်လုပ်နေတယ်၊ ဒီတရားစီရင်ချက် ချမယ့်နေ့လည်း သူတို့ မိဘဆွေမျိုးတွေ တွေ့ဆုံနိုင်ဖို့ စီစဉ်ပေးမယ်၊ လောလောဆယ်တော့ အဲ့ဒီအတိုင်းပဲ ရပ်တည်ထားပါတယ်၊ ပြောင်းလဲမှုတော့ မရှိသေးပါဘူး"

နန်းမိုဟွမ်ဟာ TNLA အကောက်ခွန်ဝန်ထမ်းတွေကို အပြင်းအထန် ထိခိုက်သေဆုံးတဲ့အထိ ဝတ္တရား နှောင့်ယှက် ခဲ့တဲ့အတွက် အရေးယူပေးဖို့ TNLA ဗဟိုတရားရုံးကို အမှုဖွင့်တိုင်ကြားလာတာကြောင့် ဖမ်းဆီးထားတာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့က  TNLA ဘက်က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

နန်းမိုဟွမ်ကို လက်ရှိ စစ်ဆေးနေဆဲဖြစ်တဲ့အတွက် တရားစီရင်ချက်ချမယ့်နေ့ကိုတော့ အတိအကျ မပြောနိုင်သေးဘူး လို့ ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။