မြန်မာ့အရေးစွက်ဖက်မှု ရုရှားကို NUCC ပြင်းထန်စွာရှုတ်ချ
2023.06.10

မြန်မာ့နိုင်ငံရေးမှာ ရုရှားနိုင်ငံရဲ့ ဝင်ရောက်စွက်ဖက်မှုကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ၂ဝဝ၇ ခုနှစ်ကတည်းကစပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ကို ဗီဒိုအာဏာသုံး ပယ်ဖျက်တာ၊ ၂ဝ၂၁ ခုနှစ် ဇွန်လက ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ပါဝင်တဲ့ မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်း မပြုဖို့ သဘောတူညီချက်ကို လက်မှတ်မရေးထိုးတာနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ဆက်လက်ရောင်းချနေတာတွေကို NUCC က ဇွန်လ ၁ဝ ရက်နေ့ ထုတ်ပြန်ချက်မှာ ထောက်ပြထားပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ စစ်ကောင်စီကို နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ဖို့ ပံ့ပိုးတာဟာလည်း မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်တဲ့ လက္ခဏာဖြစ်တဲ့အတွက် အမြန်ဆုံးရပ်တန့်ဖို့ လိုတယ်လို့ NUCC က ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆက်ဆံနေခြင်းဟာ မြန်မာပြည်သူတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုကို ထောက်ခံရာကျတဲ့အတွက် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ NUCC ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။