ဖက်ဒရယ် ပဋိညာဉ် အတည်ပြုရေး ပြည်သူ့ညီလာခံကို ဒီဇင်ဘာမှာ ခေါ်ယူမယ်လို့ NUCC ပြော

ဖက်ဒရယ် ပဋိညာဉ်ကို အတည်ပြုမယ့် ပြည်သူ့ညီလာခံကို လာမယ့် ဒီဇင်ဘာလထဲမှာ ခေါ်ယူမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဦးမိုးသူက ပြောပါတယ်။
နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အွန်လိုင်းကနေလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ NUCC ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးမိုးသူက ပြောပါတယ်။
"Charter (ပဋိညာဉ်) ကို (ဒုတိယအကြိမ်) ပြန်လည်သုံးသပ်ခြင်းကတော့ ပြီးနေပါပြီ။ ဒါပေမဲ့ ပြည်သူ့ညီလာခံကို တန်းပြီး မခေါ်သေးဘဲ ဒီဇင်ဘာလထဲလောက်မှာမှ ကျွန်တော်တို့ ခေါ်ဖို့စဉ်းစားထားတယ်ဆိုတာက ဒီကြားထဲမှာ နောက်ထပ် အဖွဲ့ဝင်သစ်တွေကို စည်းရုံးသွားဖို့ ရှိတဲ့အတွက် ဖြစ်ပါတယ်"
မပါဝင်သေးတဲ့ အစုအဖွဲ့တွေကို စည်းရုံးရေး၊ ကြားကာလ ဖွဲ့စည်းပုံချာတာကို ပြင်ဆင်ဆွေးနွေး အတည်ပြုရေးနဲ့ အများပြည်သူထံ အတည်ပြုထုတ်ပြန်သွားရေး စတဲ့ အချက် သုံးချက်ကို ပြည်သူ့ ညီလာခံမှာ အဓိက လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
လက်ရှိ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကို အဖွဲ့အစည်း ၂၈ ခုနဲ့ ဖွဲ့စည်းထားပြီး အဲဒီထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီနဲ့ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့ အပါအဝင် အဖွဲ့ ရှစ်ခု ရှိနေပါတယ်။
NUCC အနေနဲ့ ဒီပြည်သူ့ညီလာခံကို ခြောက်လ တစ်ကြိမ် ကျင်းပသွားဖို့ကိုလည်း စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။