စစ်မှုထမ်းဥပဒေကို လိုက်နာဖို့မလိုဘူးလို့ NUG ပြော

RFA Burmese
2024.02.13
စစ်မှုထမ်းဥပဒေကို လိုက်နာဖို့မလိုဘူးလို့ NUG ပြော ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့မှာ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြစဉ်။
File Photo: AFP

စစ်ကောင်စီပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို လိုက်နာဖို့မလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီလ ၁၃ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ စစ်ပွဲအတွင်း ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ ရည်ရွယ်ချက်ရှိရှိ ဒီဥပဒေပြဋ္ဌာန်းလာတာလို့ ‌NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအာဏာကို အဓ္ဓမနည်းနဲ့ ရယူထားတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ဥပဒေပြုရေးဆွဲနိုင်တဲ့ အခွင့်အာဏာမရှိသလို၊ ထုတ်ပြန်လာတဲ့ ဥပဒေတွေဟာ တရားမဝင်ဘူးလို့လည်း ပြောထားပါတယ်။

ဒီဥပဒေအကောင်အထည်ပေါ်လာအောင်လုပ်ပေးနေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာအဆင့်ဆင့်တာဝန်ရှိသူတွေကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့သူတွေအဖြစ်သတ်မှတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့လည်း NUG ကပြောပါတယ်။

စစ်ကောင်စီဟာ ဦးသန်းရွှေစစ်အစိုးရလက်ထက်မှာ ရေးဆွဲထားတဲ့ အသက်ပြည့်ပြီးသူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ကစပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ ပြဌာန်းလိုက်တာဖြစ်ပါတယ်။

ဒီဥပဒေအရ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ထိ အမျိုးသားတိုင်း၊ အသက် ၁၈ ကနေ ၂၇ နှစ်ထိ အမျိုးသမီးတိုင်း၊ အသက်မွေးဝမ်းကျောင်းတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေဆိုရင် ၄၅ နှစ်ထိ၊ အမျိုးသမီးဆိုရင် ၃၅ နှစ်ထိ စစ်မှုထမ်းရမယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဖို့ ဆင့်ခေါ်ချိန်မှာ တာဝန်ပျက်ကွက်တယ်ဆိုရင် ထောင်ဒဏ်ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး လူငယ်တွေကြား စိုးရိမ်ပူပန်စိတ်တွေ ကြီးလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။