တစ်လအတွင်း အရပ်သားတစ်ရာကျော် အသတ်ခံရတယ်လို့ NUG ထုတ်ပြန်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.02.06
တစ်လအတွင်း အရပ်သားတစ်ရာကျော် အသတ်ခံရတယ်လို့ NUG ထုတ်ပြန် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က ပဲခူးတိုင်း ထန်းတပင်မြို့နယ်မှာ ကျည်ဆန်ထိမှန်ခဲ့သည့် ရှစ်လအရွယ် ကလေးငယ်အားဆေးရုံသို့ ပို့ဆောင်ခဲ့စဉ်။
Save The Trees Rescue Team

၂၀၂၃ ခုနှစ် ဇန်နဝါရီလတစ်လအတွင်း အရပ်သား ၁၁၆ ဦး အသတ်ခံရပြီး တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ နေအိမ်ငါးထောင်ကျော်မီးရှို့ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အမျိုးသား ၇၈ ဦး၊ အမျိုးသမီး ၂၄ ဦး၊ သံဃာနဲ့ သာသနာပြုသူ ၄ ဦး၊ ကလေးငယ် ၁၀ ဦး စုစုပေါင်း ၁၁၆ ဦး အသတ်ခံခဲ့ရတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အရပ်သား ၁၀၀ ကျော်ဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတာလို့ NUG ကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်ကို ရရှိဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ဝါရှင်တန်ဒီစီရုံးက ဖုန်းနဲ့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

NUG စာရင်းအရအသတ်ခံရသူ ၁၀၀ ကျော်အနက် စစ်ကိုင်းတိုင်းက အယောက် ၈၀ ၊ မန္တလေးတိုင်းက ၁၁ ဦး၊ မကွေးတိုင်းက ၈ ဦး အများဆုံးရှိခဲ့ပါတယ်။ အသတ်ခံရသူ ကလေးငယ် ၁၀ ဦးမှာ စစ်ကိုင်းက ၉ ဦးနဲ့ ကရင်က တစ်ဦးပါဝင်ပါတယ်။

တစ်လအတွင်း စစ်ကောင်စီလက်ချက်နဲ့ ထိခိုက်ဒဏ်ရာရခဲ့သူ ၃၇ ဦးရှိပြီး အဲ့ဒီအထဲမှာလည်း စစ်ကိုင်းတိုင်းက ၂၅ ဦးအများဆုံးပါဝင်ခဲ့တယ်လို့ NUG က ဆိုပါတယ်။

NUG က ကောက်ယူထားတဲ့စာရင်းအရ ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီက မတရားဖမ်းဆီးခဲ့သူ ၉၅ ဦးကျော်ရှိပြီး အဲ့ဒီအထဲမှာတော့ မကွေးတိုင်းက ၂၅ ဦး အများဆုံးဖမ်ခံထားရတယ်လို့ ထုတ်ပြန်ပါတယ်။

တစ်လအတွင်း နေအိမ် ၅၀၇၉ လုံးမီးရှို့ခံခဲ့ရပြီး အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းက ၄၇၇၅ လုံးကျော် အများဆုံးမီးရှို့ခံခဲ့ရသလို မကွေးတိုင်းက ၂၁၁ လုံးကျော် ဒုတိယအများဆုံးမီးရှို့ခံခဲ့ရတယ်လို့ NUG က သတင်းထုတ်ပြန်ပါတယ်။

NUG ရဲ့ တရားရေးဝန်ကြီးဌာနက စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူသားမျိုးနွယ်စု အပေါ်ကျူးလွန်တဲ့အမှုတွေ၊ လူမျိုးတုံးသတ် ဖြတ်မှုတွေအပါအဝင် အမျိုးမျိုးသော ဥပဒေချိုးဖောက်မှုတွေကို စာရင်းကောက်ယူနေတယ်လို့ ဆိုပါတယ်။

ကျူးလွန်မှုနဲ့ ချိုးဖောက်မှုတွေအတွက် အမှန်တရားရှာဖွေပြီး တရားမျှတမှု ရအောင်ဆောင်ရွက်မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ သတင်းပေးပို့ဖို့ NUG က အသိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။