ပြည်ပအလုပ်အကိုင်အေဂျင်စီ ၁၇ ခုကို NUG အမည်ပျက်စာရင်းသွင်း
2024.05.15

စစ်ကောင်စီနဲ့ ပူးပေါင်းပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်နေတဲ့ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်း ၁၇ ခုကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အလုပ်သမားဝန်ကြီးဌာနက အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း မေလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီကုမ္ပဏီတွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေထံက ဝန်ဆောင်ခ အဆမတန်ကောက်ယူတာ၊ အလုပ်သမားတွေကို လုပ်ငန်းခွင်ထံ ရောက်အောင်မပို့တာ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ လိုက်ပါဖြေရှင်းပေးတာတွေ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီ့အပြင် စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာ၊ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထံက စစ်ကောင်စီအတွက် ဝင်ငွေခွန်ကောက်ခံပေးတာနဲ့ လုပ်အားခရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းက မိသားစုဝင်တွေထံ လွှဲပေးဖို့ဆိုတဲ့ စစ်ကောင်စီ ညွှန်ကြားချက်တွေကို လိုက်လံအကောင်အထည်ဖော်နေတယ်လို့ NUG က ပြောပါတယ်။
အမည်ပျက်စာရင်းသွင်းထားတဲ့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေရဲ့ အမည်ကို NUG က ထုတ်ဖော်ထားပြီး အမည်ပျက်စာရင်းသွင်းတဲ့အပြင် စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲအရေးယူမယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်လိုတဲ့ ပြည်သူတွေအနေနဲ့လည်း အဲဒီကုမ္ပဏီတွေကို ဆက်သွယ်ဆောင်ရွက်တာတွေမလုပ်ဖို့ အသိပေးထားပါတယ်။
ပြည်တွင်းက အလုပ်သမားအရေးလှုပ်ရှားနေသူတစ်ဦးကတော့ NUG အနေနဲ့ အခုထက်ပိုပြီးတိကျ ခိုင်လုံတဲ့ အချက်အလက်တွေကိုချပြပြီးမှ အရေးယူတာတွေ လုပ်ဆောင်သင့်တယ်လို့ RFA ကို ပြောပါတယ်။
“အရှေ့မှာလည်း စီးပွားရေးလုပ်ငန်းရှင်တွေ၊ အသင်းအဖွဲ့တွေကို အမည်ပျက်စာရင်းသွင်းခဲ့တာရှိတယ်။ အဲဒီအခြေအနေကရော ဘာတွေ ထိရောက်ခဲ့သလဲပေါ့။ နောက်တစ်ခုက ဒီလိုအေဂျင်စီတွေကို အမည်ပျက် စာရင်းသွင်းတာ NUG ဘက်ကပြောသလို အခြေအနေလည်း ရှိကောင်းလည်းရှိမယ်။ ဒါပေမဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ထုတ်ပြန်မှ ပြည်သူတွေ ပိုပြီးပူးပေါင်းကြမှာပါ”
ပြည်တွင်းထဲမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ပြည်ပအလုပ်အကိုင် အေဂျင်စီ ၁၇ ခုထက်မနည်းရှိနေပြီး ဒါတွေကိုလည်း တိကျတဲ့ မူဝါဒတွေနဲ့ အရေးယူသင့်တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အမည်ပျက်စာရင်းသွင်းခံရတဲ့ ကုမ္ပဏီတွေထဲက Harmony Services Co., Ltd.၊ Toe Tet Chan Thar Co., Ltd.၊ Ngwe Sin Pale Co., Ltd. တို့ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာ မရှိသေးပါဘူး။