NUG ငွေတိုက်စာချုပ် တပတ်အတွင်း ဒေါ်လာ ၁၅ သန်းဖိုးရောင်းချခဲ့ရ

NUG အစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ဝဝ၊ ၅ဝဝ၊ ၁ဝဝဝ နဲ့ ၅ဝဝဝ တန် အထူးငွေတိုက်စာချုပ်တွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက်နေ့ကစတင်ပြီး ရောင်းချခဲ့ရာမှာ နိုဝင်ဘာ ၂၈ ရက်နေ့အထိ တပတ်ကြာကာလအတွင်း အမေရိကန်ဒေါ်လာ ၁၅ သန်းဖိုးခန့် ရောင်းချခဲ့ရပါတယ်။
အဲဒီ ၁၅ သန်းအနက် ၁၂ သန်းကို NUG အစိုးရက ရရှိပြီးဖြစ်ပေမယ့် စင်ကာပူ RHB ဘဏ်ကို လွှဲပြောင်းပေးခဲ့တဲ့ ကျန်တဲ့ သုံးသန်းကိုတော့ အခက်အခဲတချို့ကြောင့် မူလပေးပို့ခဲ့တဲ့ ဝယ်ယူသူတွေရဲ့ ဘဏ်စာရင်းကို ပြန်လည်လွှဲပြောင်းပေးနေတယ်လို့ NUG စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက RFA ကိုပြောပါတယ်။
အဲဒီလို စင်ကာပူ RHB ဘဏ်က ပြန်အမ်းလိုက်တဲ့ငွေတွေကို တခြားဘဏ်တခုဆီ ထပ်မံလွှဲပြောင်းပေးဖို့ NUG အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ကာယကံရှင်ဝယ်ယူသူတွေထံကို မေတ္တာရပ်ခံစာတွေ အခုပေးပို့နေပါတယ်။ အဲဒီလို တခြားဘဏ်တခုကို ထပ်မံလွှဲပြောင်းပေးပို့တဲ့အခါမှာ လွှဲပြောင်းခထပ်မံပေးချေစရာမလိုပဲ ငွေလက်ခံသူဘက်က ကျခံမှာဖြစ်တယ်။
ဝယ်ယူသူတွေအနေနဲ့ မူလ စင်ကာပူဘဏ်က ပြန်လည်ရရှိတဲ့ငွေပမာဏအတိုင်းပဲ ပေးချေရန်လိုတယ်၊ ငွေတိုက်စာချုပ်တွေကို NUG အစိုးရက ထုတ်ပေးပို့တဲ့အခါ မူလစာချုပ်တန်ဖိုးအတိုင်း ထုတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
တခြားသတင်းရပ်ကွက်တခုက ရရှိတဲ့ သတင်းအရဆိုရင် NUG အစိုးရရောင်းချတဲ့ ငွေတိုက်စာချုပ်တွေ ဝယ်ယူဖို့ ချက်သမ္မတနိုင်ငံနဲ့ စင်္ကာပူမှာ ရှိတဲ့ ဘဏ်တွေကို ဝယ်ယူသူတွေက ငွေတွေပေးပို့ခဲ့ရာမှာ သက်ဆိုင်ရာနိုင်ငံ ၂ ခုမှာရှိတဲ့ စစ်ကောင်စီသံရုံးတွေက အဲဒီ ဘဏ်တွေကို ဆက်သွယ်ပြီး ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ဆောင်မှုကြောင့် NUG အနေနဲ့ ငွေကြေးဆုံးရှုံးနစ်နာမှု တစုံတရာတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ငွေတိုက်စာချုပ်ရောင်းချမှုကို NUG အစိုးရက ခေတ္တရပ်နားထားပြီး လာမယ့် ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့မှာ ပြန်လည်ရောင်းချမယ်လို့ ပြောထားပါတယ်။ အဲဒီလို ထပ်မံရောင်းချတဲ့အခါ ဝယ်ယူသူတွေ ပိုမို အဆင်ပြေစွာ ငွေလွှဲပြောင်းပေးနိုင်ဖို့ စီစဉ်နေတယ်လို့ RFA ကို ပြောပါတယ်။