မြန်မာ့နိုင်ငံရေးအပေါ် တရုတ်လွှမ်းမိုးထားတယ်လို့ NUG ပြော

2024.01.16
မြန်မာ့နိုင်ငံရေးအပေါ် တရုတ်လွှမ်းမိုးထားတယ်လို့ NUG ပြော အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ။
File Photo: NUG

လက်ရှိမြန်မာပြည်တွင်းဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေအပေါ်မှာ တရုတ်အစိုးရက လွှမ်းမိုးထားတာတွေ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် တရုတ်နဲ့ဆက်ဆံတဲ့နေရာမှာ လက်တွေ့ကျတဲ့ နိုင်ငံခြားရေးမူဝါဒကျင့်သုံးနေပြီး၊ ပြည်သူလူထုရဲ့ သဘောထားနဲ့ ဆန့်ကျင်ဖက်မဖြစ်ဖို့ ကြိုးစားနေတယ်လို့ ဒီကနေ့ကျင်းပတဲ့ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတယ်၊ တရုတ်နိုင်ငံနဲ့ စစ်မှန်တဲ့ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တည်ဆောက်ပြီး အိမ်နီးချင်းကောင်းဖြစ်အောင် အမြဲကြိုးပမ်းမယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ပေးမယ်စတဲ့ အချက် ဆယ်ချက်ပါတဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ‌NUG အစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီနိုင်ငံခြားရေးမူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်နေကြချိန်မှာ သမ္မတ ဒူဝါလရှီးလက ရှင်းလင်းပြောဆိုလာတာလည်းဖြစ်ပါတယ်။

NUG အစိုးရဟာ ဒေသတွင်းနိုင်ငံကြီးတွေရဲ့ နောက်မြီးဆွဲလည်း လုပ်မှာမဟုတ်သလို၊ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေရဲ့ နောက်လိုက်လည်းဖြစ်လို့မရဘူးလို့ သူကပြောပါတယ်။

မြန်မာပြည်တွင်းတော်လှန်ရေးဟာ ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းတွေကြားမှာ အနိမ့်အမြင့် အတက်အကျ ရှိတတ်တယ်လို့လည်း သမ္မတ ဒူဝါလရှီးလက ဆိုပါတယ်။

NUG ဘက်က တရုတ်နိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒသဘောထားတွေ ထုတ်ပြန်ချိန်မှာပဲ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း တရုတ်ရဲ့ တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံတယ်လို့ ဇန်နဝါရီလ ၁၆ ရက် ဒီကနေ့ထပ်မံထုတ်ပြန်ထားပါတယ်။

‌NUG ရော စစ်ကောင်စီဘက်က အိမ်နီးချင်း အင်အားကြီးတရုတ်နိုင်ငံရဲ့ အပြည့်အဝထောက်ခံမှုရဖို့ အပြိုင်အဆိုင်ကြိုးစားနေကြတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ရှုမြင်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။