တစ်လအတွင်း စစ်ကောင်စီဘက်က ၂ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန်

2021.12.13
တစ်လအတွင်း စစ်ကောင်စီဘက်က ၂ဝဝဝ ကျော် သေဆုံးခဲ့ကြောင်း NUG ထုတ်ပြန် ရန်ကုန်မြို့လယ်တွင် ဆောက်လုပ်ထားသည့် ဘန်ကာတစ်ခုအတွင်းမှ လက်နက်အသင့်ပြင်ပြီး စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို တွေ့ရစဉ်။
Photo: RFA

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တစ်လတာကာလအတွင်း အရပ်သား ခုခံကာကွယ်စစ်ကြောင့် စစ်ကောင်စီဘက်မှ သေဆုံးသူ ၂၁၁၇ ဦးအထိရှိခဲ့ပြီး ၆၈၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၃ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်အရ တစ်လအတွင်း ဗုံးပေါက်ကွဲမှု ၃၇၁ ကြိမ် ဖြစ်ပေါ်ခဲ့ပြီး အဲ့ဒီထဲမှာ ရန်ကုန်တိုင်းဟာ ၁၁၈ ကြိမ်နဲ့ ဗုံးပေါက်ကွဲမှု အများဆုံးဖြစ်ခဲ့သလို ပစ်ခတ်တိုက်ခိုက်မှု ၄၁၇ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်းဟာ ၁၇၁ ကြိမ်နဲ့ တိုက်ပွဲဖြစ်ပွားမှုအများဆုံးဒေသဖြစ်ခဲ့ ပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်ဖိနှိပ်ဖမ်းဆီးတိုက်ခိုက်သတ်ဖြတ်နေမှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသက်ရှင်သန်ရေးအတွက် မိမိကိုယ်ကိုယ်ကိုမိမိ ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ် (Peoples Defensive War) ကို ဆင်နွှဲနေရတာလို့လည်း အဲ့ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

NUG ရဲ့ ထုတ်ပြန်ချက်မှာ တိုက်ခိုက်မှုတွေအတွင်း အရပ်သားတွေရဲ့ ထိခိုက်သေဆုံးမှုတွေနဲ့ အရပ်သားခုခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်သေဆုံးမှုတွေကို ဖော်ပြထားတာမရှိပါဘူး။

NUG ထုတ်ပြန်ချက်မှာ ဖော်ပြထားတဲ့ စစ်တပ်ဘက်က သေဆုံးထိခိုက်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို ရဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။