နယ်မြေ ၆ဝ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားပြီလို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ပြော

RFA Burmese
2024.02.18
နယ်မြေ ၆ဝ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားပြီလို့ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်ပြော ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပနေသည့် လုံခြုံရေးဆိုင်ရာညီလာခံကို တက်ရောက်လာသည့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အား ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တွေ့ရစဉ်။
Photo: Munich Security Conference

တိုင်းရင်းသားလက်နက်ကိုင်တွေ၊ စစ်ကောင်စီကို ခုခံတော်လှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ (PDF) တွေဟာ မြန်မာနိုင်ငံရဲ့ နယ်မြေဒေသ ၆ဝ ရာခိုင်နှုန်းကျော်ကို စိုးမိုးထားနိုင်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောလိုက်ပါတယ်။

ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (Munich Security Conference) ကို တက်ရောက်မိန့်ခွန်းပြောတဲ့အချိန်မှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

လက်ရှိ အာဏာသိမ်းသုံးနှစ်ကျော်ကာလမှာ ခုခံတော်လှန်ရေးတပ်တွေဘက်က အင်အားကြီးလာနေပြီး၊ စစ်ကောင်စီကတော့ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အရှုံးနဲ့ ရင်ဆိုင်နေရပြီလို့လည်း ဒေါ်ဇင်မာအောင်က ပြောပါတယ်။

မြန်မာပြည်သူတွေဟာ စစ်တပ်အာဏာသိမ်းတာကို အလိုမရှိကြောင်း တစ်သံတည်းထွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပေမဲ့ စစ်ကောင်စီဘက်က ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ဒါကြောင့် အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အရုပ်ဆိုးအကျည်းတန်တဲ့ အာဏာရှင်စနစ်ကို လက်ခံမလား၊ ကိုယ့်ရဲ့လွတ်လပ်ခွင့်အတွက် ပြန်လည်ခုခံမလားဆိုတာကို ရွေးချယ်ရတဲ့အကြောင်းလည်း ညီလာခံမှာ ဒေါ်ဇင်မာအောင်က ရှင်းပြခဲ့ပါတယ်။

အဲဒီညီလာခံမှာ “Rebel With a Cause: Voice of Civil Resistance” ဆိုတဲ့ ဆွေးနွေးပွဲတစ်ရပ်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ ဒေါ်ဇင်မာအောင်နဲ့အတူ ဘီလာရုဇ် နိုင်ငံသူ အတိုက်အခံခေါင်းဆောင် Sviatlana Tsikhanouskaya၊ ၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးနိုဗယ်ဆု ရှင် ဖိလစ်ပိုင်နိုင်ငံသူ သတင်းစာဆရာ Maria Ressa၊ World Liberty Congress ဥက္ကဋ္ဌ အီရန်နိုင်ငံဖွား အမေရိကန်နိုင်ငံသူ သတင်းစာဆရာ Masih Alinejad တို့လည်း ပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။