NUG လူ့အခွင့်အရေးအကြံပေးရဲ့ အစ်ကိုဖြစ်သူ အသတ်ခံရ
2023.06.09

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန အကြံပေး ဦးအောင်ကျော်မိုးရဲ့ အစ်ကိုဖြစ်သူ ဦးသန်းမြင့်ကို ဇွန်လ ၇ ရက် ညပိုင်းမှာ အမည်မသိ လူတစ်စုက လုပ်ကြံသတ်ဖြတ် သွားတယ်လို့ ညီဖြစ်သူ ဦးအောင်ကျော်မိုးက RFA ကို ဒီနေ့ ပြောပါတယ်။
ရန်ကုန် သာကေတမြို့နယ်၊ နွယ်အေးရပ်ကွက် ရွှေနှင်းဆီလမ်း နွယ်အေးဗလီအနီးမှာ လူတစ်စုက မသေမချင်း ဓားနဲ့ထိုး သတ်ဖြတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောပါတယ်။
ဦးအောင်ကျော်မိုး အပါအဝင် စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသူတွေရဲ့ မိသားစုဝင်တွေ ပစ်မှတ်ထား သတ်ဖြတ်ခံရမှု ပိုများလာတာကြောင့် တရားမျှတမှုရအောင် ကြိုးစားနေတယ်လို့ NUG လူ့အခွင့်အရေး အကြံပေး ဦးအောင်ကျော်မိုး က ပြောပါတယ်။
“ဘယ်လိုပဲဖြစ်ဖြစ် သွေးသားအရင်းလည်းဖြစ်တယ်။ ကျွန်တော်လည်း လူ့အခွင့်အရေး လုပ်နေတယ်ဆိုတဲ့ အခါကျတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်တဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သတင်းအချက်အလက် တွေ ပို့ထားတယ်။ တော်လှန်ရေးနဲ့ ပတ်သက်သူတွေရဲ့ ဆွေမျိုးသားချင်းတွေကို ပစ်မှတ် ထားပြီးတော့ သတ်ဖြတ်တာတွေ ဘာတွေက ရှိနေတဲ့အခါကျတော့ ဒါတွေနဲ့ပတ်သက် ပြီး အချိန်တန်ရင်တော့ တရားမျှတမှုကို ရအောင်တော့ ယူရမှာပေါ့”
ဒီသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ အမျိုးသားရေး လှုပ်ရှားသူတွေက သူတို့လက်ချက်ဖြစ် ကြောင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြောဆိုနေကြပေမယ့် ဘယ်သူ့လက်ချက်ဆိုတာ ကို အတိအကျ မသိရသေးဘူးလို့ သူက ဆိုပါတယ်။
ဦးအောင်ကျော်မိုးတို့ မိသားစုဟာ အရင်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော ဒေသမှာ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာမိသားစုဖြစ်ပြီး ၂၀၁၂ နဲ့ ၂၀၁၇ လူမျိုးရေး ပဋိပက္ခတွေ ကြောင့် မိသားစုတကွဲတပြားနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။
NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ ဦးသန်းမြင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ဇွန်လ ၉ ရက် ဒီနေ့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ထားပါတယ်။
အခုသတ်ဖြတ်မှုမဖြစ်ခင် မဘသအဖွဲ့နဲ့ စစ်တပ်ထောက်ခံသူ အဆိုတော် ဒေါ်လီလီနိုင်ကျော် ကို လုပ်ကြံ သတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံထားရတဲ့ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မတို့လည်း ဇွန်လ ၆ ရက် နေ့က ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်၊ ရိုးကြီးရွာက သူတို့ရဲ့ နေအိမ်မှာ ပစ်သတ်ခံခဲ့ရပါတယ်။
အမျိုးသားရေးလှုပ်ရှားသူနဲ့ မဘသထောက်ခံသူ အဆိုတော် ဒေါ်လီလီနိုင်ကျော်ကို လုပ်ကြံသတ်ဖြတ်တယ်လို့ စွပ်စွဲခံရတဲ့ ကိုကောင်းဇာနည်ဟိန်းနဲ့ ကိုကျော်သူရတို့ နှစ်ဦးကို ဖမ်းမိထားကြောင်း စစ်ကောင်စီက ဇွန်လ ၆ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ချိန်ကတည်းက စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ကိုကောင်းဇာနည်ဟိန်းရဲ့ မိသားစုတွေ ကို လိပ်စာအတိအကျနဲ့ဖော်ထုတ်ပြီး လက်စားချေဖို့ လှုံ့ဆော်ရေးသားခဲ့ကြပါတယ်။
အဲဒီနေ့ ညပိုင်းမှာပဲ ကိုကောင်းဇာနည်ဟိန်းရဲ့ မိခင်နဲ့ အစ်မဖြစ်သူတို့ အသတ်ခံလိုက်ရတာပါ။
ဇွန်လ ၈ ရက် မနေ့ကလည်း စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး ပြည်ပကိုရောက်ရှိနေသူတွေရဲ့ ပြည်တွင်းမှာကျန်ခဲ့တဲ့ မိသားစုဝင်စာရင်းတွေကို ဖော်ထုတ်ကြဖို့ လှုံ့ဆော်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၈ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အသတ်ခံရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ အရပ်သား ပြည်သူ ၃၆၃၂ ဦး ရှိနေပါပြီ။