အီတလီအထက်လွှတ်တော်မှာ NUG ဝန်ကြီးတွေ မြန်မာ့အရေး ဆွေးနွေး

အီတလီနိုင်ငံ၊ ရောမမြို့ ဆီးနိတ်လွှတ်တော်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က မြန်မာ့အရေးဆိုင်ရာ အထူးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့ပြီး ဒီပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝန်ကြီးတွေ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ NUG က နိုဝင်ဘာ ၁၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။
ဗီဒီယိုကွန်ဖရင့်နဲ့ အင်တာနက်အွန်လိုင်းက ကျင်းပတဲ့ အဲဒီပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးတွေဖြစ်တဲ့ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဦးဝင်းမြတ်အေးနဲ့ ဒေါက်တာ စင်သီယာမောင်၊ ဒေါက်တာ နေလင်းထွန်းတို့ မြန်မာနိုင်ငံရဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကျော်မိုးထွန်း က မတရားစစ်အာဏာသိမ်းမှုကို ပြည်သူတွေ စည်းစည်းလုံးလုံး ကြံ့ကြံ့ခိုင်ခိုင် တော်လှန်ကြပုံ၊ စစ်အုပ်စုကို နိုင်ငံရေးရာ၊ သံတမန်ရေးရာ ဖိအားပေးဖို့နဲ့ ဝင်ငွေ စီးဆင်းမှုမရှိစေရအောင် အစွမ်းကုန်ကြိုးစားပေးဖို့ရန် တိုက်တွန်းခဲ့ပါတယ်။
ဒေါက်တာဇော်ဝေစိုး က အာဏာရှင် စနစ်အောက် နှစ်ရှည်လများ ချုံးချုံးကျခဲ့ရတဲ့ မြန်မာပြည်ကျန်းမာရေးစနစ် အကြောင်း၊ ဦးဝင်းမြတ်အေးက အနာဂတ်မြန်မာနိုင်ငံရဲ့ ပန်းတိုင်နှင့် စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး ပြန်လည်ထူထောင်ရေးအစီအစဉ်တွေ အကြောင်း၊ ဒေါက်တာနေလင်းထွန်းက ရွေးကောက်ခံ ပြည်သူ့အစိုးရလက်အောက် ကိုဗစ်ကာကွယ်ရေး အခြေအနေနဲ့ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက ကျန်းမာရေးဝန်ထမ်းနဲ့ ပြည်သူတွေအပေါ် မတရား ညှဥ်းပန်း၊ သတ်ဖြတ်၊ ဖမ်းဆီးခံခဲ့မှုတွေကို အထောက်အထားတွေနဲ့တင်ပြခဲ့ပါတယ်။
ဒေါက်တာ စင်သီယာမောင်ကတော့ လူသားချင်းစာနာမှုအကူအညီတွေ တားဆီးဖျက်ဆီးခံမှုအခြေအနေနဲ့ ပြည်သူအများ ရင်ဆိုင်နေတဲ့ အခက်အခဲတွေအကြောင်း ပြောကြားခဲ့ပါတယ်။
တွေ့ဆုံပွဲကို စု- ဖောင်ဒေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ် Michael Marett-Crosby က အစီအစဉ်မှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး အစီအစဉ်အပြီးမှာ “Alliance for a Democratic Myanmar” အဖွဲ့က ရေးသားပြုစုတဲ့ ‘လက်ရှိ မြန်မာ့အရေးအခြေအနေအသေးစိတ်နှင့် နိုင်ငံတကာမှ ပူးပေါင်းပါဝင်နိုင်သည့်အခြင်းအရာများဆိုတဲ့ စာတမ်းကို ပေးအပ်ခဲ့ပါတယ်။