မြန်မာနိုင်ငံ တစ်စစီမပြိုကွဲနိုင်ကြောင်း NUG ဝန်ကြီးချုပ်ပြော
2024.08.21
မြန်မာနိုင်ငံဟာ စစ်တပ်မရှိရင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဩဂုတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုတွေအပေါ် ရှုမြင်ချက်များ အစီအစဉ်မှာ ပြောပါတယ်။
စစ်တပ်မရှိရင် အချင်းချင်း မညီမညွတ်နဲ့ တစ်စစီပြိုကွဲသွားနိုင်တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က ပြောကြားခဲ့တာပါ။
“ကျွန်တော်တို့သွားမယ့် ပန်းတိုင်ဟာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမယ့် တိုင်းပြည်မဟုတ်ပါဘူး။ ပြည်ထောင်စုအတွင်းနေထိုင်ကြတဲ့ စုံလင်ကွဲပြားတဲ့ လူမျိုးတွေရဲ့ သရုပ်လက္ခဏာ (Identify) တွေကို ကာကွယ်မြှင့်တင်ပေးတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ အပြည့်အဝရှိတဲ့ပြည်နယ်တွေနဲ့ စုဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပဲဖြစ်ပါတယ် အဲဒီကို ကျွန်တော်တို့ သွားမှာပါ”
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် တော်လှန်ရေးအင်အားစုတွေ အများစုကြား တူညီတဲ့သဘောထားတွေ ရှိထားပြီးဖြစ်သလို ထပ်မံပါဝင်လာဖို့လည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။ ဘယ်အဖွဲ့တွေနဲ့ သဘောတူညီထားတယ်ဆိုတာကိုတော့ NUG ဝန်ကြီးချုပ်က တိတိကျကျထည့်သွင်းပြောဆိုတာ မရှိပါဘူး။
အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကလည်း ရခိုင်ပြည်နယ်ဟာ ပြည်ထောင်စုကနေ သီးခြားခွဲထွက်သွားဖို့ ဆန္ဒမရှိဘဲ မြန်မာနိုင်ငံထဲမှာပဲ ရခိုင့်ကံကြမ္မာကို ရခိုင်လူမျိုးတွေကိုယ်တိုင် ဖန်တီးခွင့်ရဖို့ မူကိုကိုင်စွဲပီး ကွန်ဖက်ဒရေးရှင်းအဆင့်ထက်မနိမ့်တဲ့ နိုင်ငံရေးမူနဲ့ ရပ်တည်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့ကကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံအခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ICG) ရဲ့ ပြီးခဲ့တဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ စစ်တပ်က အာဏာသိမ်းထားပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခံနေရတဲ့ မြန်မာနိုင်ငံဟာ အစိတ်စိတ်ကွဲသွားနိုင်ခြေရှိတဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။
ICF အဖွဲ့ရဲ့ သုံးသပ်ချက် ထွက်ပေါ်လာချိန်မှာ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာနိုင်ငံ တစ်စစီမပြိုကွဲနိုင်ကြောင်း တော်လှန်ရေး သုံးနှစ်တာကာလအတွင်း အောင်မှုတွေအပေါ် ရှုမြင်ချက် အစီအစဉ်မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီအစီအစဉ်မှာ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟိုတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့က သုံးသပ်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကြားကာလဗဟိုဘဏ် အထူးအကြံပေး မစ္စတာ ရှောင်တာနယ်၊ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း မစ္စတာ ကာဆစ် ဖီရွမ် (Kasit Piromya)၊ NSW ဩစတြေးလျ လွှတ်တော်အမတ် Hon. Janelle Saffin တို့ အွန်လိုင်းကနေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။