အရပ်ဘက်ပစ်မှတ်တွေကို NUG နဲ့ PDF တွေ တိုက်ခိုက်ကြောင်း စစ်ကောင်စီစွပ်စွဲ

RFA Burmese
2023.06.10
အရပ်ဘက်ပစ်မှတ်တွေကို NUG နဲ့ PDF တွေ တိုက်ခိုက်ကြောင်း စစ်ကောင်စီစွပ်စွဲ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ခုနှစ် မတ် ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF အဖွဲ့တွေဟာ စစ်ဘက်မဟုတ်တဲ့ အရပ်ဘက်ပစ်မှတ်တွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီက ရုရှား၊ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို ပြောလိုက်ပါတယ်။

ရုရှားနိုင်ငံ၊ ခါဘရော့ဇ်မြို့မှာကျင်းပတဲ့ အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်း ရေးဆွဲရေးအစည်းအဝေးမှာ ပြောခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာကတော့ စစ်ကောင်စီရဲ့ ပြောဆိုချက်တွေဟာ အတုအယောင်တွေသာဖြစ်ပြီး သက်သေပြဖို့လိုတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

စစ်ကောင်စီက ဟုတ်တာကို၊ မဟုတ်ဘူးပြောတယ်၊ မဟုတ်တာကို ဟုတ်တယ်ပြောတယ် အဲ့လိုမျိုးအာဏာရှင်နဲ့ ကျွန်တော်တို့ ရင်ဆိုင်နေရတာပေါ့၊ ပြည်သူလူထုကို တိုက်ခိုက်လာခဲ့တာက ဘယ်သူလဲဆိုတာ အာဆီယံရော နိုင်ငံတကာက သိပြီးသားဖြစ်ပါတယ်၊ ဒါကြောင့် စစ်ကောင်စီရဲ့ ပြောဆိုချက်တွေကို လက်ခံမှာလည်းမဟုတ်ပါဘူး၊ NUG အနေနဲ့ PDF အနေနဲ့ အရပ်သားတွေကို ကျူးလွန်ခဲ့တာရှိတယ်ဆိုရင် ဘယ်နေရာမှာ ကျူးလွန်ခဲ့တယ်ဆိုတာကို သက်သေပြပါ၊ လုပ်ခဲ့တာတွေရှိတယ်ဆိုလည်း NUG အနေနဲ့ ဘယ်တော့မှ လျစ်လျူရှုထားမှာမဟုတ်ပါဘူး

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်ကလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ လက်နက်ကိုင်အဖွဲ့အကုန်လုံးကို စစ်ရေးပစ်မှတ်တွေကိုပဲတိုက်ခိုက်ဖို့နဲ့ ဂျနီဗာကွန်ဗန်းရှင်းနဲ့အညီ လိုက်နာဖို့ညွှန်ကြားထားတဲ့အပြင် ဥပဒေတွေလိုက်နာအောင် သင်တန်းတွေလည်းပို့ချထားကြောင်း ပြောပါတယ်။

ဇွန်လ ၆ ရက်နဲ့ ၇ ရက်နေ့က ကျင်းပခဲ့တဲ့ အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆိုင်ရာ လုပ်ငန်းစီမံကိန်း ရေးဆွဲရေးအစည်းအဝေးကို မြန်မာစစ်ကောင်စီနဲ့ ရုရှားနိုင်ငံတို့က ပူးတွဲဥက္ကဋ္ဌတာဝန်ယူခဲ့တာပါ။ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေက ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews)ရဲ့ ပြီးခဲ့တဲ့ မေလ ၁၇ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာတော့ ပြည်သူတွေအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုအထောက်အထားတွေ အများအပြားရှိကြောင်း ပြောထားပါတယ်။ 

စစ်ကောင်စီက ပြည်သူတွေကို တိုက်ခိုက်ဖို့အတွက် ရုရှားနဲ့ တရုတ်နိုင်ငံတွေဆီကနေ စစ်လက်နက် အမြောက်အမြား ဝယ်ယူခဲ့တယ်လို့လည်း ထောက်ပြထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နဲ့ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကတော့ အကြမ်းဖက်စစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ ရုရှားနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။