ကောလင်းမှာ နိုင်ငံရေး အကျဉ်းသား ခြောက်ဆယ်ကျော်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း NUG ပြော
2023.11.11

ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ နိုဝင်ဘာလ ၆ ရက်မှာ ထိန်းချုပ် ခဲ့ပြီးနောက် မြို့မရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ၆၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနက နိုဝင်ဘာလ ၁၀ ရက်မှာထုတ်ပြန်ပါတယ်။
အဲဒီရဲစခန်းမှာ အကျဉ်းသားနဲ့ အချုပ်သား ၉၈ ဦးရှိတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၆၃ ဦးကို ကောလင်းခရိုင် ကွပ်ကဲရေးမှူး၊ ခရိုင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ တိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံတို့က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ တွေ့ဆုံခဲ့ပြီး တစ်ဦးကို ငွေကျပ် ငါးသောင်းစီ ထောက်ပံ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကယ်ထုတ်နိုင်ငံခဲ့တဲ့ ၉၈ ဦးထဲက နိုင်ငံရေး အကျဉ်းသား မဟုတ်သူတွေကို စိစစ်ပြီး တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း NUG ဘက်က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကောလင်းဒေသခံ တစ်ဦးကတော့ ကောလင်းမြို့မှာ နှစ်ဖက်တိုက်ပွဲတွေ မရှိတော့ပေမယ့် နေရပ်စွန့်ခွာ ထွက်ပြေးရသူတွေ မြို့ပေါ်ကို မပြန်နိုင်ကြသေးဘူးလို့ RFA ကို ပြောပါတယ်။
“မြို့ပေါ်ကို မပြန်သေးဘူး။ ကာကွယ်ရေး အဖွဲ့တွေကတော့ လိုအပ်တဲ့ ပစ္စည်းတွေကို နေအိမ်တွေကနေ လာပြီး သယ်ဖို့ပြောလို့ တချို့တော့ ပြန်သယ်ကြတယ်။ စစ်ဘေး ဒုက္ခသည် အနေနဲ့ပဲ နေရသေးတာပေါ့”
ကောလင်း မြို့သိမ်းတိုက်ပွဲပြီးနောက် မြို့ပေါ်က ဒေသခံ ငါးသောင်းနီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။
NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက ကောလင်းမြို့ကို နိုဝင်ဘာလ ၃ ရက်ကနေ ၆ ရက်နေ့အထိ လေးရက်ကြာ တိုက်ခိုက်သိမ်းယူချိန် စစ်ကောင်စီတပ်ကလည်း လေကြောင်း ကနေ တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ဆယ်ဦး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီဘက်ကတော့ ကောလင်းမြို့ကို NUG က ထိန်းချုပ်ထားတာနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။