နှစ်ပတ်အတွင်း အရပ်သားကိုးဆယ်ကျော် သတ်ဖြတ်ခံရကြောင်း NUG ပြော
2024.07.18

ဇူလိုင်လ ပထမ နှစ်ပတ်အတွင်း နိုင်ငံတစ်ဝန်းမှာ အရပ်သား ၉၂ ဦး တရားလက်လွတ် သတ်ဖြတ်ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သေဆုံးမှုတွေအထဲ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ အရပ်သားနဲ့ ကာကွယ်ရေးတပ်ဖွဲ့ မခွဲခြားဘဲ ပစ်မှတ်ထား သတ်ဖြတ်တာတွေလည်း ပါဝင်ပါတယ်။
ဒီ့အပြင် စွပ်စွဲဖမ်းဆီးတာ၊ နေအိမ်နဲ့ ဘာသာရေးအဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးတာတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ကျူးလွန်နေပြီး ၁၅ ရက်အတွင်း ဖြစ်စဉ် ၃၅၀ ကျော်ရှိတယ်လို့လည်း NUG က ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းဆက်မေးမြန်းခဲ့ပေမဲ့ ပြန်မဖြေပါဘူး။
လူ့အခွင့်အရေးဝန်ကြီးဌာရဲ့ စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ ဇွန်လအထိ ခြောက်လအတွင်း နိုင်ငံတစ်ဝန်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဉ် ၆၇ ခုရှိပြီး သေဆုံးသူ ၈၈၀ ရှိတယ်လို့ ဆိုပါတယ်။
၂၀၂၃ ခုနှစ်တုန်းကလည်း အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ် ၈၇ ခုရှိပြီး သေဆုံးသူ ၈၇၃ ဦးရှိခဲ့ပါတယ်။
NUG ကတော့ ဒီလိုကျူးလွန်မှုတွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကလည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ အရပ်သား ၇၈၀၀ ကျော်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့တယ်လို့ ဇူလိုင်လ ၁၇ ရက်မှာ ပြန်လည်တုံ့ပြန်ထားပါတယ်။