ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတကာကို အားကိုးလို့မရတော့ကြောင်း NUG ကြေညာ

2021.09.13
ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတကာကို အားကိုးလို့မရတော့ကြောင်း NUG ကြေညာ ရန်ကုန်မြို့မှာ ၂၀၂၁ စက်တင်ဘာ ၁၀ ရက်နေ့က စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြစဥ်
Photo: MPA

စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကနေ မြန်မာပြည်သူလူထုကို ကူညီကာကွယ်ပေးဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကို အားကိုးလို့မရတော့ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စက်တင်ဘာလ ၁၃ ရက် ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။

NUG အနေဖြင့် နိုင်ငံတကာရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို အသိအမှတ်ပြုပြီး ရည်မှန်းချက်အောင်မြင်ရေး အတွက် နိုင်ငံတကာဥပဒေတွေကို ဆက်လက်လိုက်နာသွားမှာဖြစ်သော်လည်း တဘက်မှာ စစ်ကောင်စီဟာ နိုင်ငံအချို့ရဲ့ တရားဝင်ဖိတ်ကြားမှုနဲ့ နိုင်ငံတကာအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ရနေတဲ့အပြင် တချို့ နိုင်ငံတွေနဲ့ စစ်ရေး၊ စီးပွားရေး သဘောတူညီချက်တွေကိုပါ ရရှိနေတာဟာ NUG ရဲ့ တရားဝင်အစိုးရဖြစ်မှုကို ထိခိုက်မှုတွေရှိလာတယ်လို့ ကြေညာချက်မှာပါရှိပါတယ်။

NUG ဟာ တရားဝင်အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ လုံခြုံမှုကို အကာ အကွယ်ပေးဖို့ ပြီးခဲ့တဲ့ ခုနှစ်လအတွင်း ကြိုးစားခဲ့ပေမယ့် နိုင်ငံရေးနဲ့ သံတမန်ရေး ကြိုးပမ်းမှုသက်သက်နဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်ကြောင်း သေချာခဲ့တဲ့နောက် ကိုယ့်ဒေသကို ကိုယ်ကာကွယ်ဖို့ ကာကွယ်ရေး အဖွဲ့တွေကို မလွှဲမရှောင်သာ ဖွဲ့စည်းခဲ့ရတယ်လို့ ကြေညာချက်မှာ ထည့်သွင်းရေးသားထားပါတယ်။

လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နယ်မြေကို ကျူးကျော်လာမယ့် စစ်ကောင်စီအဖွဲ့ တွေကို ခုခံကာကွယ်ဖို့ ပြင်ဆင်နေပြီဖြစ်တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့လည်း တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခုခံတွန်းလှန်သွားဖို့ ပြင်ဆင်နေပြီဖြစ်တယ်လို့ပါရှိပါတယ်။

ဒါ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေ၊ ဂျီနီဗာသဘောတူညီချက်နဲ့ လိုက်လျောညီထွေဖြစ်မယ့် ကျင့်ဝတ်စည်းကမ်းတွေကို လေးစား လိုက်နာဖို့ ကြိုးပမ်းသွားမယ်လို့လည်း ထည့်သွင်းဖော်ပြထားပါတယ်။

တစ်နိုင်ငံလုံးမှာ ခုခံရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ခုခံတွန်းလှန်မှုတွေကို စတင်နေကြပြီဖြစ်တာကြောင့် ဒီကာလ အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ ပိုမိုမြင့်တက်လာနိုင်ပေမယ့် ပြည်သူတွေအနေနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပူးပေါင်းဆောက်ရွက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသော တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်ပြုပေးဖို့လည်း ထပ်မံတိုက်တွန်း တယ်လို့ NUG ရဲ့ ကြေညာချက်မှာပါရှိပါတယ်။

NUG အနေနဲ့ စစ်ကောင်စီကို ခုခံတွန်းလှန်မယ့် ပြည်သူ့တော်လှန်ရေးစတင်ပြီလို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-09-13 21:01

We stand with NUG