စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

RFA Burmese
2023.01.12
စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ လွှင့်တင်ထားသည့် အာဆီယံနိုင်ငံအလံများကို တွေ့ရစဉ်။
REUTERS

စစ်ကောင်စီက မြန်မာပြည်သူတွေအပေါ် သတ်ဖြတ်နေရုံသာမက အိမ်နီးချင်းနိုင်ငံ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံမှုကိုပါ ခြိမ်းခြောက်နေတဲ့လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ထိရောက်ပြင်းထန်စွာအရေးယူဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က အိမ်နီးချင်းနိုင်ငံတွေကို ဇန်နဝါရီလ ၁၂ ရက်၊ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်း လိုက်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်စခန်းနဲ့ မိသားစု အိမ်ယာကို ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ စစ်ကောင်စီက ဂျက်တိုက်လေယာဉ် တွေနဲ့ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက် ခဲ့တာနဲ့ပတ်သက်လို့ NUG က ထုတ်ပြန် တိုက်တွန်းလိုက်တာပါ။

ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်စဉ် ဗုံးတစ်လုံးက အိန္ဒိယနိင်ငံ၊ မီဇိုရမ်ပြည်နယ်ဘက် ကျရောက်ပေါက်ကွဲ ခဲ့ပြီး မီဇိုရမ်ပြည်နယ်၊ ဖာရ်ရော်ကျေးရွာထဲကို ဗုံးအစအနတွေ ကျလာရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံဘက်ရော မြန်မာစစ်ကောင်စီဘက်ကပါ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဇန်နဝါရီ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပေမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာတော့ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ လူနေအိမ် သုံးလုံး မီးလောင်ခဲ့ပြီး ဆေးကုသဆောင်ပျက်စီးခဲ့တယ်လို့ CNF ကပြောဆိုထားပါတယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်တွေကို ကန့်ကွက်ရှုတ်ချပြီး မြန်မာ့အရေးကိစ္စကို ပြေလည်စေဖို့ ကူညီဆောင်ရွက်နေတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးစားမှုတွေကိုလည်း စစ်ကောင်စီ က လျစ်လျူရှုနေတာပဲလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာ့အရေးကိစ္စကို အမြန်ဆုံးဖြေရှင်းနိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီအပါအဝင် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ မြန်မာ့ တော်လှန်ရေးအင်အားစုတွေနဲ့ ခိုင်ခိုင်မာမာလက်တွဲ ဆောင်ရွက်သင့်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။