ပြည်သူတွေကို လူ့အခွင့်အရေးအရ ကာကွယ်ပေးနိုင်ဖို့ နီးလာပြီလို့ NUG ဝန်ကြီးချုပ် ပြော

RFA Burmese
2023.12.10
ပြည်သူတွေကို လူ့အခွင့်အရေးအရ ကာကွယ်ပေးနိုင်ဖို့ နီးလာပြီလို့ NUG ဝန်ကြီးချုပ် ပြော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းအား တွေ့ရစဉ်။
National Unity Government of Myanmar

နိုင်ငံတစ်ဝန်းက ပြည်သူတွေကို လူ့အခွင့်အရေးအရ အကာအကွယ်ပေးနိုင်မယ့် အခြေအနေ မကြာခင် ဖြစ်လာတော့မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီဇင်ဘာလ ၁၀ ရက်ဒီနေ့မှာ ပြောပါတယ်။

(၇၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်ဒီနေ့မှာ နိုင်ငံတစ်ဝန်းက ပြည်သူတွေကို အခုလို သတင်းစကားပါးခဲ့တာပါ။

“နွေဦးတော်လှန်ရေးတစ်လျှောက် ကြီးမားကျယ်ပြန့်တဲ့ အနာဂတ်မျှော်မှန်းချက်တွေ စည်းလုံးညီညွတ်မှုတွေနဲ့ တစ်လှိုင်းပြီး တစ်လှိုင်း သယ်ဆောင်ဖြတ်သန်းလာခဲ့ပြီ ဖြစ်ပါတယ်။ အောင်ပွဲဟာ မဝေးတော့ပါဘူး။ ပြည်သူလူထု တစ်ရပ်လုံး လူ့အခွင့်အရေး ပြည့်ဝ၊ အကာအကွယ်ပေးနိုင်မယ့် အနာဂတ်ဟာ မဝေးတော့ပါဘူး”

စစ်အာဏာရှင်တွေဟာ ခေတ်အဆက်ဆက် လူ့အခွင့်အရေးကို မျက်ကွယ်ပြုပြီး ပြည်သူတွေကို ဖိနှိပ်ခဲ့တာ၊ လူ့အခွင့်အရေး စာအုပ်ကိုင်မိလို့ ထောင်ချခံရတာတွေဟာ ရုပ်ဆိုးအကျဉ်းတန်စေတဲ့ သမိုင်းမှတ်တမ်းတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ခဲ့သူတွေဟာ လူနည်းစု တိုင်းရင်းသားနဲ့ ရိုဟင်ဂျာ လူမျိုးတွေ အပါအဝင် မြန်မာပြည်သူတွေအပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့မှုတွေအတွက် တာဝန်ယူရမယ်လို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကလည်း ထုတ်ပြန်ပါတယ်။

ဒီအချိန်ဟာ နိုင်ငံတကာအသိုက်အဝန်းက အကူအညီပေးဖို့ အရေးကြီးတဲ့အချိန်ဖြစ်ပြီး အမေရိကန်၊ ယူကေနဲ့ ကနေဒါနိုင်ငံတို့ရဲ့ စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေကို ကြိုဆိုသလို အခြားသော နိုင်ငံတွေအနေနဲ့ အလားတူ အရေးယူမှုတွေလုပ်ပေးဖို့လည်း CRPH က တောင်းဆိုပါတယ်။

နိုင်ငံတစ်ဝန်း နှစ်သန်းကျော်လာတဲ့ စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူညီတွေ အမှန်တကယ်ရောက်ရှိဖို့ NUG၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အရပ်သားလေးထောင်ကျော် အသတ်ခံရသလို နောက်ထပ်အရပ်သား နှစ်သောင်းခွဲကျော် ဖမ်းဆီးခံခဲ့ရပြီး ပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အအုံ ရှစ်သောင်းနီးပါး မီးရှို့ဖျက်ဆီး ခံခဲ့ရတယ်လို့ CRPH က ထည့်သွင်းပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။