တောင်ပိုင်းစစ်ဒေသမှာ တစ်လအတွင်း လူ ၁၇ ဦး သေဆုံး
2024.12.14

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တောင်ပိုင်းစစ်ဒေသတွေဖြစ်တဲ့ ပဲခူး၊ မွန်၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာလတစ်လအတွင်း အရပ်သား ၁၇ ဦးသေဆုံးသွားတယ်လို့ NUG တောင်ပိုင်းစစ်ဒေသက ဒီဇင်ဘာလ ၁၄ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။
ဒီ့အပြင် နောက်ထပ် အရပ်သား ငါးဆယ်ကျော်လည်း ထိခိုက်ခဲ့ရပြီး စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေကို တိုက်ခိုက်မှုလုပ်တာလို့ ဆိုပါတယ်။
အရပ်သားတွေ ထိခိုက်သေဆုံးတဲ့ အချက်အလက်အသေးစိတ်ကိုတော့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားတာ မရှိပါဘူး။
နိုဝင်ဘာလ တစ်လအတွင်း တောင်ပိုင်းစစ်ဒေသမှာ တိုက်ပွဲ ၄၂ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ကို ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၄၉ သေဆုံးခဲ့သလို ကာကွယ်ရေး ပူးပေါင်းတပ်ဘက်ကလည်း ကိုးဦး သေဆုံးတယ်လို့ ဆိုပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီတပ်က နှစ်ပေါင်း ခုနစ်ဆယ်ကျော်အကြာ တပ်စွဲထားတဲ့ ကူးဆိပ်စခန်း၊ မထောတပ်စခန်းနဲ့ တောင်သုံးလုံးတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်၊ ခဲယမ်း အမြောက်အများရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တောင်ပိုင်းစစ်ဒေသထဲမှာ PDF တပ်ရင်တပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်သစ် (AD) ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ဆင်ရေးတွေလုပ်ခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။